စလင်း ၁ ဇွန်
စလင်းမြို့ရှိ “ကုသိနာရာမရှင်ပင်ရွှေပြည်အေး” ဘုရား ပွဲတော် နှစ်စဉ်ကဆုန်လပြည်နေ့မှ နယုန်လပြည်နေ့ အထိ ကျင်းပလျှက်ရှိပြီး ဒေသတွင်း ပျော်ပွဲရွှင်ပွဲအဖြစ် နွားပြိုင်ပွဲကို ထည့်သွင်းကျင်းပလေ့ရှိသည်။
အညာဒေသတွင် နွားများကိုသာ အဓိကထားမွေးမြူကြသည့်အတိုင်း တောင်သူဦးကြီးများအနေဖြင့် မိမိတို့ခိုင်းနွားများကို နွေအကုန်မိုးအကူး မိုးဦးမကျခင် မိုးစပါးအတွက် လယ်ယာလုပ်ငန်းခွင်မဝင်မီ အားလပ်လျှက်ရှိရာ တိုက်ဆိုင်စွာကျင်းပလျှက်ရှိသော ဘုရားပွဲတွင် ရိုးရာယဉ်ကျေးမှုမပပျောက်စေရန် နွားများ၏စွမ်းရည် နွားမောင်းသူ၏စွမ်းရည် နွားကောင်းများ၏ ကြန်အင်လဏ္ခာနှင့် နွား၏ အဝအလှပြသရန် နွားလှည်းယာဉ်နှင့် နွားအလှပြိုင်ပွဲကို ထည့်သွင်းကျင်းပခြင်း ဖြစ်သည်။
နွားအလှပြိုင်ပွဲစည်းကမ်းအရ နွားအကြီး၊ အငယ် အလှပြေးပြိုင်ပွဲ၊ လှည်းယာဉ်မောင်း ပြိုင်ပွဲ၊ တစ်ကောင်ခြင်း လှည်းတပ်၍ သမင်ပြေး၊ ရှဉ်းစုံအတိုင်နွား သမင်ပြေး၊ အလှည့်နွား စကျပြေး သတ်မှတ်၍ ခြေမချိုး၊ လက်မချိုး၊ သုံးချောင်းထောက်၊ ကဆုန်ထိုး၊ ဝဲပြန်ကြ၊ ကြက်ပြေးစသည့်ဖြင့် ပြိုင်ကြပြီး ဇရစ်ခုန်မပါရ ပါလျှင်ပြစ်မှတ်ပေးသည်။ လမ်းကူး တိုင်တိုး ကြိုးကျ နှင်တံကျမဖြစ်စေရဖြစ်လျှင် အရှုံးပေးရသည်။
အဆိုပါ နွားပြိုင်ပွဲများကို ကျင်းပရခြင်းရည်ရွယ်ချက်မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ရန်၊ တောင်သူ ဦးကြီးများနှင့် ပွဲတော်လာပြည်သူများပျော်ပွဲရွှင်ပွဲဖြစ်စေရန် ဘုရားပွဲတောစည်းကားပြီး ဈေးရောင်းဈေးဝယ် ကောင်းစေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
စိုးမိုးသူ (စလင်း)


