နေပြည်တော် မတ် ၃၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်မြို့ မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသော အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြ ပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်၍ ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပုပြခန်းကိုလှည့်လည်ကြည့်ရှုသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းတော်ကြီးမှ အနုပညာအစဉ်အလာ ကြီးမားသည့် အဆို၊ အတီး၊ အက ပညာရှင်များ၊ ပန်းချီပန်းပုပညာရှင် အကျော်အမော်များသာမက စာပေပညာရှင်၊ တေးရေးပညာရှင် အကျော် အမော်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ တို့တာဝန် အရေး(၃)ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အရေးကြီးပါကြောင်း၊ ယဉ်ကျေးမှုကို စောင့်ရှောက်ခြင်းသည် တို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့် ရှောက်ခြင်း ပင်ဖြစ်ပါကြောင်း၊ အနုပညာဆိုသည့် စကားရပ်သည် မိမိတို့ဖန်တီးသော အနုသုခုမ ပညာရပ်များအတွက် ပြေပြစ်ခြင်း၊ သိမ်မွေ့ခြင်း၊ သာယာနာပျော်ဖွယ်ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသော်လည်း ကြံ့ခိုင်သည့်စိတ်ခွန် အားရှိမှသာ ဖန်တီး၍ရမည်ဖြစ်ပါကြောင်း၊ မျက်မှောက်ကမ္ဘာ၏ အခြေအနေ အချိန်အခါအရလည်း မဖြစ်မနေ စိတ်ဓာတ်ကြံ့ခိုင်ရမည့် အချိန်ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ကိုယ့်နိုင်ငံကိုချစ်စိတ်၊ ကိုယ့်ပြည်ထောင်စုကို ချစ်မြတ်နိုးစိတ်နှင့် ကိုယ့်အမျိုးသား ယဉ်ကျေးမှုကို ချစ်မြတ်နိုးစိတ်တို့ကို အတူယှဉ်တွဲ၍ကြံ့ခိုင်နေရမည့် အချိန်အခါဖြစ်သည်ကို မောင်တို့မယ်တို့အား လက်ဆောင်စကားပါးချင်လိုကြောင်း။
အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်း ဆင်းကြမည့် ကျောင်းသား ကျောင်းသူများသည် ပန်တျာသင်တန်းမှ ၁၅ ဦး၊ ပန်းချီပန်းပု သင်တန်းမှ ၄ ဦး စုစုပေါင်း ၁၉ ဦးဖြစ်ပါ ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျောင်းဆင်း မောင်မယ်များအနေနှင့် ကျောင်းဆင်းသွားသည့်အခါတွင် ဘဝ၏ရေရှည်အကျိုးကို ရည်မျှော်ပြီး ကျောင်းသင်ပညာရပ်လောက်နှင့် ရပ်တန့်မနေဘဲ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်အောင်မြင် ထင်ရှားပြီးဖြစ်သော သဘာရင့်၊ ဝါရင့် ပညာရှင်ကြီးများထံမှလည်း အလျဉ်းသင့်သလိုဆက် လက်သင်ယူသွားကြရန်နှင့် မိခင်ကျောင်း တော်ကြီး၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ဘဲစဉ်ဆက် မပြတ် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ရိုးရာအနုပညာရပ်များကို ကြိုးပမ်းအားထုတ် သွားကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်၍ ပန်တျာဌာနမှ ကျောင်းဆင်းစွမ်းရည်ပြ ပဒေသာကပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်