နေပြည်တော်  ၉  ဇွန် 

 

(၇၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုသားမှတ်တမ်းများမော်ကွန်း တိုက်ဦးစီးဌာန၌ ကျင်းပသည်။

 

စာတမ်းဖတ်ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များကောင်စီ (International Council on Archives - ICA)ကို ၁၉၄၈ ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် စတင် တည်ထောင်ခဲ့ကြောင်း၊ ယနေ့အချိန်မှာ အဖွဲ့ဝင်နိုင်ငံနှင့် နယ်မြေပေါင်း (၁၉၉) ခုနှင့် မော်ကွန်း တိုက်ပေါင်း (၁၉၀ဝ)ကျော်ရှိကြောင်း၊ ICA အောက်တွင် ဒေသဆိုင်ရာအဖွဲ့အစည်းအားဖြင့် ဒေသဆိုင်ရာအလိုက်  အဖွဲ့(၁၃)ဖွဲ့ရှိကြောင်း။ 

 

အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များကောင်စီ (ICA)ကို တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးရှိ လူသားတို့၏ မော်ကွန်းဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းရန်၊ မှတ်တမ်း/မော်ကွန်း စီမံခန့်ခွဲမှုနှင့် သုံးစွဲမှုမြှင့်တင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ မှတ်တမ်း၊ မော်ကွန်းပညာရှင် ကိုယ်စားလှယ်များ၏ အတွေ့အကြုံများမျှဝေပေးခြင်း၊ သုတေသန ဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်ခြင်းဖြင့် သတင်းအချက်အလက်များ ဖလှယ်ရန်အတွက် ရည်ရွယ်ပါကြောင်း။

 

ICA အဖွဲ့အနေဖြင့် နိုင်ငံများ၏ မှတ်တမ်း/မော်ကွန်း အမွေအနှစ်များကို ထိရောက်  စွာ စီမံခန့်ခွဲနိုင်ရန် နှစ်စဉ်ညီလာခံများကျင်းပပြီး မော်ကွန်းပညာရပ်ဆိုင်ရာ သင်ခန်း စာအစီအစဉ်၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့်နည်းပညာခေတ်၌ မော်ကွန်းပညာရှင်များမှ ကြုံတွေ့နေရသည့်အခက် အခဲများကို ညီလာခံတွင် ဝိုင်းဝန်း ဆွေးနွေးဖြေရှင်းကြပါကြောင်း၊  

 

အဆိုပါ အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များကောင်စီသည် ဇွန် (၉)ရက်ကို အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဇွန်(၉)ရက် ရောက်တိုင်း နိုင်ငံအသီးသီးတွင် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုအခမ်းအနားသည် ဒုတိယအကြိမ်မြောက် ကျင်းပသည့် အခမ်းအနား ဖြစ်ပါကြောင်း။


    
အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့အထိမ်းအမှတ် လှုပ်ရှားမှုများကို နိုင်ငံအလိုက် မော်ကွန်းတိုက်များမှ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံအသီးသီးရှိ နိုင်ငံသူ၊ နိုင်ငံသား၊ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ကျောင်းသူ/သားများ အဆင့်ထိ မော်ကွန်းတိုက်များသည် နိုင်ငံ၏သမိုင်းကြောင်း မှတ်တမ်း၊ အမွေအနှစ်များ ထိန်းသိမ်းထားသည့် နိုင်ငံတော်၏ အရေးကြီး သောအခန်းကဏ္ဍမှ ပါဝင်သည့်အဖွဲ့ အစည်းတစ်ခုဖြစ်ကြောင်း သိရှိစေရန်နှင့် မော်ကွန်းပညာ ရှင်များ၏ အတွေ့အကြုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို မျှဝေရန်အတွက် အထိမ်းအမှတ် လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း။ 

 

(၇၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်း အမှတ်လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံ မော်ကွန်းတိုက်တွင် အများပြည်သူများကို ပြခန်းများ ခင်းကျင်းပြသခြင်း နှင့် မော်ကွန်းပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပနိုင်သည့်အတွက် ICA ၏ ရည်ရွယ်ချက်ဖြစ်သော မော်ကွန်းတိုက်အခန်းကဏ္ဍနှင့် မော်ကွန်းပညာရပ်ဆိုင်ရာလုပ်ငန်းများကိုလည်း သိရှိစေပြီး နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ မှတ်တမ်းအမွေအနှစ်များ ဆုံးရှုံးမှုမရှိစေရန်  ထာဝစဉ်တည်တံ့မှု ရှိစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် ပြသထား သည့် မော်ကွန်းပြကွက်များအား လှည့်လည်ကြည့်ရှုကြသည်။

 

ယင်းနောက် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ ပြင်ပမှ အငြိမ်းစားပညာ ရှင်တစ်ဦးနှင့် ဌာနတွင်း အရာထမ်း (၂) ဦးတို့မှ မော်ကွန်းပညာရပ်ဆိုင်ရာစာတမ်းများကို ဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့တက်ရောက်ကြသည့် ပုဂ္ဂိုလ်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ 

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့လွှတ်တော်မှ ရေးရာကော်မတီဝင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။  

 

 (သတင်းစဉ်)
 

 

ge KHP_63