ရန်ကုန် ဒီဇင်ဘာ ၃

 

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အားကစားကွင်း၌ ကျင်းပသည်။

 

ရင်းရင်းနှီးနှီးနှုတ်ဆက်

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ၂၀၂၆ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ မသန်စွမ်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပွဲတော် မသန်စွမ်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအားစတင်ရာ ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သည့် မီတာ ၁၀၀ အပြေးပြိုင်ပွဲ(ကျား) T63/T64 (ခြေတစ်ဖက်ချို့ယွင်း သူများ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ(မ) T11/T12 (အမြင်အာရုံချို့ယွင်းသူများ)၊ မီတာ ၁၀၀ အပြေး ပြိုင်ပွဲ (ကျား) T37/T38 (သူငယ်နာအကြောတင်း သူများ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ (ကျား) T46/ T47 (လက်တစ်ဖက်တံတောင် အထက်/အောက် ချို့ယွင်းသူများ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ (ကျား) T11/T12 (အမြင်အာရုံချို့ယွင်းသူများ)၊ ရေကူးပြိုင်ပွဲများဖြစ်သည့် S5/S6/S7 မီတာ ၅၀ အလွတ်ကူး (အမျိုးသား)၊ S10 မီတာ(၅၀) ပက်လက်ကူး(အမျိုးသား)၊ စစ်တုရင်ပြိုင်ပွဲတွင် အမျိုးသားအမြန်ရွှေ့ စစ်တုရင်နှင့် အမျိုးသမီးအမြန်ရွှေ့စစ်တုရင် ပြိုင်ပွဲတို့တွင် ပထမ၊ ညဒုတိယ၊ တတိယဆုများရရှိသူများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြသည်။

 

ဆက်လက်၍ ဂိုးလ်ဘောပြိုင်ပွဲ (က)အသင်းနှင့် (ခ)အသင်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ကြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ၂၀၂၆ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံမသန်စွမ်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)