ဗန်းမောက် ၂၆ ဇွန်
၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ က ကြီးကြပ်ဦးဆောင်းပြီး မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ဗန်းမောက်မြို့ မြို့တော်ခန်းမ၌ ဇွန် ၂၆ ရက်နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်းတို့က အမှာစကား ပြောကြားပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများက ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်မှူး ရဲမှူး တင်ကိုကိုက မူးယစ်ဆေးဝါးသည် လူသားအားလုံးအတွက် အလွန်ကြောက်စရာကောင်းသည့် အန္တရာယ်ဖြစ်ကြောင်း၊ မူးယစ်ကင်းစင်မှ လူငယ်များ၏ အနာဂတ်ကောင်းမွန် မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဇွန် ၂၁ ရက်က ဖြေဆိုခဲ့ကြသည့် ဆုရ ကျောင်းသား ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က နံရံကပ်ဓာတ်ပုံများ၊နံရံကပ်ပိုစတာများ ပြသပေးခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)


