၂၆ ဇွန်


ဘားအံ


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းရွာသစ်မြို့ရုံးတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချးီမြှင့်ပွဲ အခမ်းအနားကို ယနေနံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က မူးယစ် ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြည်သူလူထုနှင့် ကျောင်းသား/သူများက ဝိုင်းဝန်းကာကွယ် တိုက်ထုတ်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က ကျောင်းသား လူငယ်များအား မူးယစ်ဆေးဝါး အစဖြစ်သည့် ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များ အကြောင်း၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား လူငယ်များနှင့် ပြည်သူများ ရင်းနှီးကျွမ်းဝင်စွာ စာကြည့်တိုက်သို့ ဝင်ထွက်သွားလာ နိုင်စေရန်နှင့် ဗဟုသုတများ လေ့လာနိုင်စေရန်အတွက် ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


ဝေဠု (ပြန်/ဆက်)


ကော့သောင်း     


ကော့သောင်းခရိုင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန်၂၆ ရက်နေ့ နံနက် (၈) နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ကော့သောင်းခရိုင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦး က အဖွင့်အမှာစကား ပြောကြားသည်။ 


ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ထံမှပေးပို့သော သဝဏ်လွှာအား ကော့သောင်းခရိုင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးထွန်းဦးက ဖတ်ကြားပြီး နိုင်ငံတော်မှ အလေးထား အမျိုးသား တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျှက်ရှိသည့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ပြသပေးသည်။


ဆက်လက်၍ တာဝန်ရှိသူများက အထိမ်းအမှတ်နေ့ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်များတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးအပ်သည်။


ထိုနောက် အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်မှုမှတ်တမ်း၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ   မှတ်တမ်း၊    မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ကော့သောင်းခရိုင်နှင့် မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းမှု မှတ်တမ်းဓါတ်ပုံများ  အထိမ်းအမှတ်နေ့   ပန်းချီ၊ ကာတွန်း၊      ပိုစတာပြိုင်ပွဲ ဆုရပုံများကို  ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


ကျော်စိုး(ကော့သောင်း)


မိုးညှင်း 


ကချင်ပြည်နယ် မိုးညှင်းမြို့ နမီးစုရပ်ကွက် စိမ်းလဲ့ရတနာခန်းမတွင် ဇွန် ၂၆ ရက် နံနက် ၉ နာရီအချိန်က (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးမှ အမှာစကား ပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သောသဝဏ်လွှာအား မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဇော်မှ ဖတ်ကြားပြီး၂၀၁၈/ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်မှုတို့အား ပရိုဂျက်တာဖြင့် ပြသခဲ့ပြီး (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းဆင့်/ အလယ်တန်းဆင့်/ မူလတန်းအဆင့် ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် တာဝန်ရှိသူများမှဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။


အခမ်းအနား အပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ ဆုရပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီများနှင့် ၂၀၁၈/၁၉ ခုနှစ် မိုးှညှင်းခရိုင်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု မှတ်တမ်းများအား ကြည့်ရှုခဲ့ကြသည်။


MDN


သီပေါ 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် မြို့နယ်ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်  နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ဖတ်ကြားခဲ့သည်။ 


ဆက်လက်၍ အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များအား video slide ဖြင့် ရှင်းလင်းတင်ပြပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင် အတွဲ(၃)၊ အမှတ် (၅)အား အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
     

မြို့နယ် ပြန်/ဆက်

 

တောင်ကြီး        


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်  အတွဲ (၅) အမှတ် (၃)ကို တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့်  ပညာပေးပြခန်းများ ဖွင့်ပွဲ အခမ်းအနားတွင်လည်းကောင်း၊ အဝေရာမီးပုံးပျံကွင်းတွင် ပြုလုပ်သည့် မူယစ်ဆေးဝါးများ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတွင်လည်းကောင်း ဌာနဆိုင်ရာများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသား/သူများအား ဇွန်လ (၂၆) ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


ခရိုင်(ပြန်/ဆက်)


ကလေးဝ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ချင်းတွင်းမြစ်သာ ခန်းမတွင်ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်က အဖွင့်အမှာစကား ပြောကြား၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးပို့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သဝဏ်လွှာအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ဖတ်ကြားခဲ့သည်။


ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗွီဒီယိုအား ပြသခဲ့ကြောင်း သိရသည်။


သက်ဟန်(ကလေးဝ)