ရန်ကုန် ၈   ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၈ ရက်က လသာမြို့နယ်၊ အထက(၂)ကျောင်းရှိ “မြညီလာခန်းမ” ၌ ကာတွန်းပြိုင်ပွဲနှင့်  ပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

ကာတွန်းပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၄၃)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၉၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲများကျင်းပရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းအောင်မင်း၊ ခရိုင် ရဲတပ်ဖွဲ့မှူးများ၊ လသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ လသာမြို့နယ် ပညာရေးမှူး ဒေါက်တာ စုစုလှိုင်နှင့် အထက(၂)ကျောင်းအုပ်ဆရာမကြီးတို့မှ ကြည့်ရှုအားပေးခဲ့ကြသည်။

 

အလားတူ လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ ယနေ့တွင်  ကွန်ပျူတာပန်းချီပြိုင်ပွဲကို လည်းကောင်း၊ လသာမြို့နယ်၊ အထက(၂)ကျောင်းရှိ “မြညီလာခန်းမ”၌ ပိုစတာပြိုင်ပွဲကိုလည်းကောင်း ဆက်လက် ကျင်းပသွားကြောင်း သတင်းရရှိသည်။

 

MDN