နေပြည်တော် ဇန်နဝါရီ ၁၁
အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေရေးရာအခြေခံသင်တန်း အမှတ်စဉ်၊ ၁/၂၀၂၂ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ဤသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ဥပဒေ အသိပညာ ပြန့်ပွားရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေရေးရာ အခြေခံ ဗဟုသုတများကို မျှဝေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တက်ရောက်ရန် စေလွှတ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှလည်း အတွေ့အကြုံ ဗဟုသုတများရလိုပါကြောင်း၊ အပြည်ပြည် ဆိုင်ရာစာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ အာဆီယံနှင့် ဒေသဆိုင်ရာ စာချုပ်များ(Multilateral Treaty) လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုပါဝင်ခြင်း ဆောင်ရွက်ကြရာတွင် လည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် MOU၊ MOA များ လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်း(Bilateral Treaty)တွင် လည်းကောင်း၊ ယင်းစာချုပ်များအား လက်မှတ်ရေးထိုးခြင်းမပြုမီ ဤဝန်ကြီးဌာနသို့ ဥပဒေသဘောထား မှတ်ချက်များ တောင်းခံသည့်အခါ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀ -၂၀၂၄)တွင် အရည်အသွေး ပြည့်မီသည့် ဥပဒေအကြံဉာဏ်ပေးနိုင်ရေးသည် ဥပဒေရေး ရာဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင် တစ်ခုဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ပန်းတိုင် အကောင်အထည်ဖော်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း၊ ဤသင်တန်းသည် အခြေခံ သင်တန်းဖြစ်သော်လည်း သင်တန်းကရရှိမည့် အတွေ့အကြုံ ဗဟုသုတများကို မိမိတို့ဌာနတွင် ပြန်လည်မျှဝေသင်ကြားပေးနိုင်ရန် Training of Trainers(ToT) အနေဖြင့် သင်ကြားခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍ အဆင့်မြင့်သင်တန်းများ ဖွင့်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂(ဌ) အရ နားလည်မှု စာချွန်လွှာများ၊ သဘောတူညီချက် မှတ်တမ်းများ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်းများ၊ အခြားစာချုပ်စာတမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအား ဥပဒေအကြံဉာဏ်ပေးခြင်းဟု ပြဋ္ဌာန်းထားပါကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကာလမှာ ၇ ရက် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စပ်လျဉ်းသည့် အခြေခံစည်းမျဉ်းများ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ ကွန်ဗင်းရှင်းများ၊ နှစ်နိုင်ငံ သဘောတူစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များ အကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်(UPR Process)များကို ဆွေးနွေးပို့ချမည့်အပြင် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ဝန်ကြီးဌာနများက လက်မှတ်ရေးထိုး ဆောင်ရွက်လေ့ရှိကြသည့် MOU ၊ MOA များကို ဥပဒေကြောင်းအရ စိစစ်ခြင်းအား လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တာဝန်ရှိသူများ ၊ သင်တန်းဆရာ၊ ဆရာမများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


