မန္တလေး ၈ ဇွန်
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အ.ထ.က(၁၇) ကျောင်း၌ ဇွန်လ ၈ ရက် နံနက် ၉ နာရီ တွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးစိန်လွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သွားရောက်ကြည့်ရူ့အားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပန်းချီပြိုင်ပွဲတွင် ၁၉၉ ဦး၊ ကာတွန်းပြိုင်ပွဲတွင်(၇၀)ဦး၊ ပိုစတာပြိုင်ပွဲတွင်(၃၃)ဦး၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် (၂၉)ဦး စုစုပေါင်း(၃၃၁)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲကို ဇွန်လ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ဇွန်လ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲနှင့်ပိုစတာပြိုင်ပွဲကို မန္တလေးမြို့ရှိ အ.ထ.က(၁၇)ကျောင်းတွင် ကျင်းပ၍ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မန္တလေးကွန်ပျူတာတက္ကသိုလ်(ဒဟတ်တော) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဥိးမျိုးမြင့်အောင် က ပြောကြားသည်။
ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကာ ဆုချီးမြှင့်ပွဲကို မန္တလေးမြို့၊ ရွှေမန်းတောင်အားကစားကွင်း၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)