မင်းဘူး ၁၈ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော် ဘေးမဲ့တောထဲတွင် သဘာဝအတိုင်း ပေါက်ဖွားရှင်သန်နေသော ဒေသမျိုးစိတ် ရှားပါးရွှေသမင် အကောင်ရေစာရင်းများကို နှစ်စဉ်ဧပြီလရောက်တိုင်း စာရင်းကောက်ယူခဲ့ရာ ယခုနှစ်တွင် သမင်ကောင်ရေ (၉၅၂) ကောင်သာ ရှိသည်ဟု တွက်ချက်နိုင်ခဲ့ပြီး မျှော်မှန်းအကောင်ရေထက် ကောင်ရေ (၆၀ဝ)ခန့် လျော့နည်းသွားကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရုံးမှ သိရသည်။
သမင်ကောင်ရေစာရင်းကို မျက်မြင်တစ်ကောင်ချင်းအပေါ် ရေတွက်ကောက်ယူခြင်းမျိုး မဟုတ်ဘဲ စာရင်းကောက်လိုင်းများ သတ်မှတ်၍ King Methode နည်းစနည်းဖြင့် ကောက်ယူခဲ့ရာတွင် ရာသီဥတုအပူဒဏ် ပြင်းထန်မှုနှင့် သမင်များအတွက် သောက်သုံးရေရှားပါးသွားသည့် အခြေအနေများကြောင့် ယင်းသို့လျော့နည်းခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
“အရင်နှစ်က ရေကန်တွေနားမှာ သမင်တွေကို အုပ်စုလိုက်တွေ့ရတယ်။ ဒီနှစ်မှာ သူတို့ရှိတတ်တဲ့ ရေကန်တွေကလည်း အစောကြီးခန်းသွားတော့ နွေစပါးအတွက် ရေလွှတ်ထားတဲ့ မုန်းဆည်၊ မန်းဆည်၊ မဲဇလီဆည် ရေလွှတ်မြောင်းတွေဘက် ပျံ့သွားတာတွေလည်း ရှိတယ်။ သမင်တွေက မနက်ပိုင်း ၁၀ နာရီလောက်ထိ ကျက်စားကြတယ်။ ဒါပေမယ့် နေကလည်း ပူလွန်းတော့ တောရိပ် တောင်ရိပ် ခိုနေတာတွေလည်း ရှိပါတယ်။ နေပြင်းတော့ ဝန်ထမ်းတွေကလည်း စာရင်းကောက် Transit Line အရှည်ကြီး မလျောက်နိုင်ကြတာလည်းပါတယ်။ အဲဒီတော့ အကောင်ရေတွေ့ရှိမှုက နည်းသွားပြီး တွက်ချက်မှုဇယားထဲ ထည့်လိုက်တော့ စာရင်းလျော့သွားတဲ့သဘောပါ” ဟု ဘေးမဲ့တော ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။
၁၉၈၉ ခုနှစ်တွင် စတင်ကောက်ခံခဲ့သော စာရင်းအရ ရွှေသမင် (၃၉၄) ကောင်ရှိခဲ့ပြီး နှစ်စဉ်ကောင်ရေများ တိုးပွားလာခဲ့ရာ ၂၀၁၈ ခုနှစ်၌ (၁၅၀၄) ကောင်ထိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ရာသီဥတုနှင့် သောက်သုံးရေ အခက်အခဲများကြောင့် သမင်များ၏ နေထိုင်မှုပုံစံ အပြောင်းအလဲများရှိခဲ့ပြီး တွက်ချက်မှု၌ သက်ရောက်မှုများ ဖြစ်ပေါ်ကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရုံးမှ သိရသည်။
ရွှေစက်တော် ဘေးမဲ့တောထဲတွင် မိုးရေစုရေကန် (၉)ကန်ရှိပြီး ရေကားဝင်ထွက်၍ရသည့် ရေပြာကန်၊ မုဆိုးကန်နှင့် ကျောက်ဖြူကန်များတွင် တပ်မတော် (ဝါစိုက်ခင်း)မှ ဘောက်ဆာကားများ အကူအညီဖြင့် သမင်များအတွက် သောက်သုံးရေ ဖြည့်ပေးနေကြောင်း၊ စေတနာရှင်များထံမှ အလှူငွေ ၁၉ သိန်းခန့်ရထားပြီး နေ့စဉ် ရေကား ၃ စီးမှ ၅ စီးအထိ ရေဖြည့်ပေးနေကာ ယနေ့ထိ အကြိမ်ရေ (၄၀)ကျော် ရေဖြည့်တင်းပေးထားကြောင်း သိရသည်။
ဇေယျတု(မကွေး)
