တောင်တွင်းကြီး ၂၄ သြဂုတ်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ အပူပိုင်းဇုံကျေးလက်ရေ ရရှိရေးစီမံကိန်းကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်း ယခုနှစ်နွေရာသီ မတိုင်မီက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်သည် မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုံအတွင်းမှာရှိတဲ့ တိုင်းဒေသကြီးအတွင်းတွင်ပါဝင်ပြီး ကျေးရွာအချို့မှာ နှစ်စဉ်နှစ်တိုင်းလိုလို ရေရှားပါးမှုတွေကြုံတွေ့ရတဲ့ မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်မှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) တို့ပူးပေါင်း၍ အပူပိုင်းဇုံ ကျေးလက်ရေရရှိရေးစီမံကိန်းဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ထောက်ကြံကွင်း၊ လှည်းပွဲကြီး၊ ရေထွက်ကြီး၊ ကံကြီးကုန်း၊ ကုက္ကိုလှ စတဲ့ ကျေးရွာ ငါးရွာ စက်ရေတွင်း ငါးတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ယခုနှစ်နွေရာသီ မတိုင်မီက စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာတော့ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က ပြောပြ၍ သိရသည်။
အဆိုပါကျေးရွာငါးရွာ၌ စက်ရေတွင်းငါးတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အမြင့်တင်ရေစင်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)မှ တွင်းကာပိုက်နှင့် ရေထုတ် ပိုက်များ၊ ရေမြှုပ်ပန့်နှင့် ဆက်စပ်ပစ္စည်းများ၊ အင်ဂျင်၊ ဒိုင်နမိုတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးဖြစ်ကြောင်း၊ လုပ်ငန်း အားလုံးအတွက် စုစုပေါင်းငွေကျပ် ၁၁၂ ဒသမ ၈၇၂ သန်း ကုန်ကျခံ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရေရရှိရေး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာငါးရွာရှိ အိမ်ခြေ(၁၀၂၃)၊ လူဦးရေ(၆၁၁၁)ဦး နှင့် ကျွဲ၊ နွား တိရစ္ဆာန် တို့အတွက် နွေရာသီသောက်သုံးရေများ လုံလောက်စွာ ရရှိနိုင်မှာဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သန်းလွင်(မကွေး)


