နေပြည်တော် နိုဝင်ဘာ ၃၀

 

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်း ပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် Aquarius နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များကို ပိုမိုနားလည်စေရန် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီ တို့ပူးပေါင်း၍ “Aquarius Day” ဖိုရမ်ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

 

ဖိုရမ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနများ မှ အဆင့်မြင့်အရာရှိကြီးများ၊ IT ပညာရှင် အရာထမ်းများနှင့် နှစ်နိုင်ငံပုဂ္ဂလိက နည်းပညာ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့  “Aquarius Day” ဖိုရမ်အခမ်းအနားကို မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့်  e-Government  စနစ်ဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အရေးကြီးပါကြောင်း၊ ယနေ့ “Aquarius Day” ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်  ၂၀၃၀ ပြည့်နှစ် ကာလ အပိုင်းအခြားအထိ မျှော်မှန်းပြီး Myanmar e-Governance Master Plan 2030 ကို ရေးဆွဲလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Digital Government ကို ဦးတည်ချဉ်းကပ် ဆောင်ရွက်နေပြီး၊ ယနေ့ကျင်းပသည့် ဖိုရမ်သည် နိုင်ငံတော်၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဉ်အတွက် အထောက်အပံ့ကောင်းများစွာ ရရှိနိုင်သဖြင့် အကျိုးရှိသော ဖိုရမ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးတက်လာစေရေး ဆောင်ရွက်မှုများကို လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Iskander Azizov က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့် e-Government  စနစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရေးအတွက်  Aquarius ကုမ္ပဏီအပါအဝင် ရုရှား IT ကုမ္ပဏီများအနေဖြင့် နည်းပညာဖလှယ်မှုများ၊ IT Solution အတွေ့အကြုံများနှင့် ထုတ်ကုန်များ အကြောင်းကို ပိုမိုနားလည်စေရန်ရည်ရွယ်ပြီး ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်းနှင့်၊ Aquarius နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌ Mr. Vladimir Stepanov က လွတ်လပ်၍ ရေရှည်တည်တံ့သော ရုရှား-မြန်မာ နိုင်ငံတကာနည်းပညာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

 

ဆွေးနွေးပွဲများကို အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ Aquarius Company ၊  Astra Group of Company နှင့်   RSC Progress Company တို့၏ တာဝန်ရှိသူများက နည်းပညာဆိုင်ရာ မိတ်ဖက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်း အချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုရှား IT ကုမ္ပဏီများ၏ တာဝန်ရှိသူများက နည်းပညာကဏ္ဍ လုံခြုံမှုရှိစေရေး ဖြေရှင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ Aquarius ကုမ္ပဏီ၏ ဆာဗာများနှင့် အချက်အလက် ထိန်းသိမ်းထားသိုမှုစနစ်များ၊ ဆက်သွယ်ရေးနည်းပညာ ဖြေရှင်းမှုများ၊ ကြိုးမဲ့ဆက်သွယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက် လုံခြုံမှုဆိုင်ရာ ဖြေရှင်းမှုများ၊ နည်းပညာ အသုံးပြုသူများအတွက် ဖြေရှင်းဆောင်ရွက်ပေးမှုများ၊ Astra ကုမ္ပဏီ၏ Ecosystem Solution ဆိုင်ရာများနှင့် RSC “Progress” ၏ ထုတ်ကုန် များ စသည့်ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။

 

mdn

 

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Aquarius နည်းပညာကုမ္ပဏီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ကို  လက်ခံတွေ့ဆုံ၍ သတင်း အချက်အလက် လုံခြုံရေးနှင့် အိုင်စီတီနည်းပညာဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်