ရန်ကုန် နိုဝင်ဘာ ၆   

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သည့် အရာထမ်းလောင်း(အထူး)သင်တန်း၊ အမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်  (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၏ အဓိကရည်ရွယ်ချက်သည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်များကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးသည့် ဝန်ထမ်းတက္ကသိုလ်ဖြစ်စေရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုကို အထောက်အကူဖြစ်စေရန်၊ ပြည်သူကို အကျိုးပြုမည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရန် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ရှိ ပညာဌာန(၈)ခုမှ ဆရာ၊ ဆရာမများနှင့် ပြည်တွင်းမှ ပြင်ပပညာရှင်များက လက်ရှိခေတ်စနစ်နှင့် လျော်ညီပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုစုထားရှိသော သင်ရိုးညွှန်းတမ်းများဖြင့် ဆွေးနွေးပို့ချ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချမှုမှရရှိသော အတွေ့အကြုံ၊ အသိပညာရပ်များကို လုပ်ငန်းတွင် လက်တွေ့အသုံးချစေလိုပါကြောင်း ပြောကြားသည်။

 

အရာထမ်းလောင်း(အထူး)သင်တန်း၊ အမှတ်စဉ်(၁၁)သို့ သင်တန်းသား (၄၅)ဦး၊ သင်တန်းသူ (၇၁)ဦး စုစုပေါင်း (၁၁၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလသည် ၂၀၂၃ နိုဝင်ဘာ ၆ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ရက်သတ္တ (၁၆)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်