ကန်ဘာရာ  ဇွန်  ၁၇

အမေရိကန်နှင့်  အီရန်တို့  ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိပြီးနောက် အစ္စရေး၊ ယူအေအီး နိုင်ငံတို့အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့သို့ ခရီးသွားလာခြင်းနှင့်ပတ်သက်၍ ဩစတြေးလျနိုင်ငံက သတ်မှတ်ထားသည့် သတိပေးချက်အဆင့်ကို ဇွန် ၁၇ ရက်တွင် လျှော့ချလိုက်ကြောင်း သိရသည်။

ဩစတြေးလျအစိုးရသည် ဘာရိန်း၊ အစ္စရေး၊ ကူဝိတ်၊ ကာတာနှင့် ယူအေအီးနိုင်ငံတို့သို့  ခရီးသွားမည်ဆိုပါက  ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်အဆင့် ၄ အရ ခရီးလုံးဝမထွက်ရဟူသည့် သတ်မှတ်ချက်ထုတ်ပြန်ထားရာမှ ယခုအခါ သတိပေးချက်အဆင့် ၃ ဖြစ်သည့် ခရီး သွားလာရန် လိုအပ်ခြင်းရှိမရှိ ပြန်လည်စဉ်းစားရန်ဟူသည့် အဆင့်သို့ လျှော့ချလိုက်ကြောင်း  ဩစတြေးလျ နိုင်ငံခြားရေးရာကိစ္စရပ်များ ဝန်ကြီး ပန်နီဝေါင်က ပြောသည်။

သို့သော်လည်း အစ္စရေးနိုင်ငံ၏  ဒေသအချို့အတွက်  သတိပေးချက်အဆင့် ၄ ကို ဆက်လက် ထုတ်ပြန်ထားဆဲဖြစ်သည်။ အီရန်၊ အီရတ်၊ လက်ဘနွန်၊   ပါလက်စတိုင်း၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့သို့ ဩစတြေးလျနိုင်ငံသားများ ခရီးလုံးဝမထွက်ရန် သတိပေးချက်အဆင့် ၄ ထုတ်ပြန်ထားသည်။ ဂျော်ဒန်၊ အိုမန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အတွက် ခရီးသွားလာမှုဆိုင်ရာ သတိပေးချက် အဆင့် ၃ သို့ လျှော့ချထားကြောင်း သိရသည်။

ဆင်ဟွာ