နေပြည်တော် ဇွန် ၁၃
အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP) ၏ (၇၈) ကြိမ်မြောက် ဦးဆောင်ကော်မတီအစည်းအဝေး (The 78th CCOP Steering Committee Hybrid Meeting) နှင့် ဆက်စပ်အစည်းအဝေးများကို မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ အလှည့်ကျ အိမ်ရှင်ဖြစ်သော မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာ (Ulaanbaatar) မြို့တွင် ကျင်းပရာ CCOP အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့် တက်ရောက်ခဲ့ပြီး Online မှတစ်ဆင့် Virtual ဖြင့် ဌာနမှ အရာထမ်းများလည်း တက်ရောက်ခဲ့ကြသည်။
CCOP သည် ဘူမိသိပ္ပံဆိုင်ရာနယ်ပယ်တွင် အကြံပေးအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်နိုင်ငံ များအတွင်း ဓာတ်သတ္တုကဏ္ဍ၊ ဘူမိဘေးအန္တရာယ် လျှော့ချရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မြေအောက်ရေကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ ဘူမိဗေဒကဏ္ဍတို့ကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခြင်းအားဖြင့် သုတေသနလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး အစီအမံများစသော ဘူမိသိပ္ပံဆိုင်ရာများကို ပိုမိုသိရှိနိုင်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြင့် အကျိုးကျေးဇူးများရရှိနိုင်ပြီး ယခုကျင်းပသည့် အစည်းအဝေးတွင် ဒေသတွင်း ဘူမိသိပ္ပံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များပါဝင်ရန် အာဆီယံနိုင်ငံများ တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတို့မှ အဆင့်မြင့် အရာရှိများနှင့် နိုင်ငံတကာမှ ဘူမိသိပ္ပံဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်