ရန်ကုန် ၂၇ သြဂုတ် 

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum-SEANF)၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးကို Video Conferencing စနစ်ဖြင့်  ဩဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့သည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ တင်မောင်မောင်သန်းတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးပထမနေ့တွင် ၂၀၂၀ ပြည့်နှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သဘာပတိအဖြစ် ဆောင်ရွက်သည်။ 

 

အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့မှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

 

အစည်းအဝေး ပထမနေ့တွင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မေ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သော ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး အစီရင်ခံစာနှင့်စပ်လျဉ်း၍ တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့များက ဝိုင်းဝန်းဆွေးနွေးအတည်ပြုခြင်း၊ ထို့နောက် ဖိုရမ်အဖွဲ့ဝင်နိုင်ငံများက ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဆောင်ရွက်နိုင်မှုများကို ကိုယ်စားလှယ်အဖွဲ့များက တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

လုပ်ငန်းအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို ဩဂုတ် ၂၆ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF) ၏ social media အသုံးပြုမှု လမ်းညွှန်ချက်များ ချမှတ်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ SEANF ၏  ညှဉ်းပန်းနှိပ်စက်မှုတိုက်ဖျက်ရေး လမ်းညွှန်ချက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊  အရှေ့တောင်အာရှဒေသအတွင်း ရွှေ့ပြောင်းလုပ်သားများနှင့် စပ်လျဉ်းသော ဖိုရမ်၏ စာတမ်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား အကာအကွယ်ပေးရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

လုပ်ငန်းအဖွဲ့အစည်းအဝေး တတိယနေ့ကို ဩဂုတ် ၂၇ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရေးကိစ္စ၊ SEANF Website တည်ထောင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများ တင်ပြဆွေးနွေးခြင်း၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) နှစ်ပတ်လည်အစည်းအဝေး (၂၀၂၀) ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်း၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) နှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာကော်မရှင် (AICHR) အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးတွင် ဘာသာရပ်များအပေါ်မူတည်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြပြီး သဘာပတိအဖွဲ့က နိဂုံးချူပ် ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်