နေပြည်တော်၊ ၁ ဒီဇင်ဘာ
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်းကျင်းပသော အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူ တတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ Southeast Asia Primary Learning Metrics (SEA-PLM) 2019 Results ထုတ်ပြန်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ပညာရေးဝန်ကြီးများက မိန့်ခွန်းပြောကြားကြသည်။
ယင်းအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (SEA-PLM) သည် ဒေသတွင်း ကျယ်ပြန့်သော လေ့လာမှုစစ်တမ်းတစ်ခုဖြစ်ပြီး စစ်တမ်းကောက်ယူသည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများအနက် မြန်မာနိုင်ငံသည် ကျောင်းများတွင် အချက်အလက်စစ်တမ်း ကောက်ယူသော ဒေသတွင်းပထမ ဆုံးနိုင်ငံဖြစ်ပါကြောင်း၊ SEA-PLM သည် မြန်မာနိုင်ငံတွင် ကောက်ယူသော စစ်ဆေးအကဲဖြတ်မှု နှစ်ခုဖြစ်သည့် ရှေးဦးအရွယ် စာဖတ်စွမ်းရည် စစ်ဆေးအကဲဖြတ်မှု (Early Grade Reading Assessment – EGRA) နှင့် ရှေးဦးအရွယ် သင်္ချာစွမ်းရည် စစ်ဆေးအကဲဖြတ်မှု (Early Grade Mathematics Assessement – EGMA) တို့အနက် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။
SEA-PLM ၏ မျှော်မှန်းချက်မှာ ဒေသတွင်း ကလေးအားလုံးအတွက် ပိုမိုမျှတ၍ အဓိပ္ပာယ်ပြည့်ဝသည့် ပညာရေးဆီသို့ ဦးတည်သော လေ့လာသင်ယူမှု ရလဒ်ကောင်းများ ပုံဖော်ရေးတွင် ပူးပေါင်းပါဝင် ရန်ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင် - ၄ ၏ အညွှန်းကိန်း ၄ ဒသမ ၁ နှင့် ၄ ဒသမ ၇ တို့ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် KG+12 ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံးလျက်ရှိရာတွင် SEA-PLM ၏ ရလဒ်များသည် မူလတန်း Grade-5 ပြီးဆုံးသော ကလေးငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေးကို ထင်ဟပ်ပေးနိုင်သဖြင့် သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် အထောက်အကူပြုပါကြောင်း၊ မြန်မာကျောင်းသား ၅၇၁၅ ဦး၏ အရေး၊ အဖတ်နှင့် သင်္ချာတတ်မြောက်မှု စွမ်းရည်တို့ကို နမူနာပြု၍ အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှု စစ်တမ်း၏ တတ်ကျွမ်းမှုတိုင်းတာရေး စံနှုန်းများအပေါ် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွမ်းဆောင်မှု (Myanmar National Performances on SEA-PLM Proficiency Scales) အဖြစ် စစ်ဆေးအကဲဖြတ် ရလဒ်များကို ထုတ်ပြန်ပေးခဲ့သော ပညာရေးသုတေသနဆိုင်ရာ ဩစတြေးလျကောင်စီ (Australian Council for Education Research – ACER) အား ကျေးဇူးတင်ရှိပါကြောင်း၊ ဤရလဒ်များသည် အမျိုးသားပညာရေးမူဝါဒနှင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) တို့ ပြုစုအကောင်အထည်ဖော်ရာတွင်လည်း အထောက်အကူပြုပါကြောင်း၊ SEA-PLM ၂၀၁၉ ရလဒ်များ ထုတ်ပြန်မှုအခမ်းအနားကို ပူးတွဲကျင်းပပေးသော ယူနီဆက်နှင့် ဆီမီယိုတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုမှ တွေ့ရှိချက်များအရ အားသာချက်များအဖြစ် SEA-PLM သည် စစ်တမ်းကောက်ယူသည့် ဒေသတွင်းနိုင်ငံများအနက် မြန်မာနိုင်ငံသည် ပထမဆုံးနိုင်ငံဖြစ်ခြင်း၊ မြန်မာကျောင်းသားများသည် စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံ ခြောက်နိုင်ငံအနက် အခြားနိုင်ငံ သုံးနိုင်ငံထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားခြင်း၊ စစ်တမ်းကောက်ယူသော အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်၌ ကျား/မ ကွာဟချက် မရှိသလောက် နည်းပါးခြင်း၊ ကျောင်းအရွယ်အစား၊ ကျောင်းပစ္စည်း၊ လူမှုစီးပွားအခြေအနေတို့ ကွဲပြားသော်လည်း သင်ယူတတ်မြောက်မှုစွမ်းရည် ကွာဟချက်နည်းပါးခြင်း၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံသာလျှင် စစ်တမ်းကောက်ယူသော ခြောက်နိုင်ငံအနက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံး ဖတ်စာအုပ် တစ်စုံနှုန်း ထောက်ပံ့ပေးခြင်း၊ ကျောင်းသား သုံးပုံ တစ်ပုံ၏ သင်္ချာတတ်မြောက်မှုစွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား လေးပုံ တစ်ပုံ၏ စာဖတ်စွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ငါးပုံ တစ်ပုံ၏ အရေးစွမ်းရည်မှာလည်း ပျမ်းမျှအထက်၌ရှိခြင်းတို့ကို စစ်တမ်းများမှ တွေ့ရှိရသည်။
စိန်ခေါ်မှုများအနေဖြင့် မြန်မာနိုင်ငံတွင်ပိုမိုကောင်းမွန်သည့် လေ့လာသင်ယူ တတ်မြောက်ရေးအတွက် ကျောင်းသားများ၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များကို မြှင့်တင်ပေးရန်လိုအပ်ခြင်း၊ ကျောင်းသားများ၏ လေ့လာသင်ယူမှု မြှင့်တင်ရန်အတွက် မိဘများ၏ ပူးပေါင်းပါဝင်မှု ပိုမိုလိုအပ်ခြင်း၊ မူလတန်းကြို ကျောင်းတက်ရောက်မှုမရှိသည့် ကျောင်းသားဦးရေ အများဆုံးဖြစ်သော်လည်း KG+12 အခြေခံပညာရေးစနစ်သစ်အရ အခွင့်အလမ်းရှိခြင်း၊ ကျောင်းပညာရေးမတိုင်မီ ကျောင်းသားများ၏ အတွေးအမြင် ဗဟုသုတနည်းပါးခြင်းနှင့် ပညာဆည်းပူးရာတွင် စိတ်ဝင်စားမှု နည်းပါးခြင်းတို့ကို တွေ့ရှိရသည်။
အခမ်းအနား၌ မူဝါဒများ၊ အလေ့အကျင့်များနှင့် သုတေသနတို့နှင့်စပ်လျဉ်း၍ SEA-PLM (၂၀၁၉) ရလဒ်များအပေါ် အကြံပြုချက်များကိုဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


