မန္တလေး ၁၂ သြဂုတ်

 

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အရှေ့တောင်အာရှနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီးမှ အားကစားအသင်းများနှင့် အားကစားသမားမျးအား ဂုဏ်ပြုဆုငွေချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တောဇော်မြင့်မောင်က “ဂုဏ်ပြုထိုက်တဲ့သူကို ဂုဏ်ပြုချီးမြှင့်တာဟာ မင်္ဂလာတစ်ပါးပါ၊ အားကစားနဲ့လည်း တိုင်းပြည်ရဲ့ဂုဏ်ကို ဆောင်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်၊ နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံအလံ လွှင့်တင်နိုင်ခဲ့ရင် ကျွန်တော်တို့ပီတိဖြစ်ရပါတယ်၊ အားကစားသမားတစ်ယောက် အောင်မြင်တာဟာ ကာယကြံ့ခိုင်မှုတင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပိုင်းဖြတ်မှု၊ ယုံကြည်ချက်၊ အောင်မြင်လိုတဲ့ဆန္ဒ၊ ကြိုးစားအားထုတ်တဲ့ဝိရိယ၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ စိတ်ဓာတ်တွေကြောင့်ပါ၊ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ပြည့်စုံကြံ့ခိုင်မူရှိနေရင် အောင်မြင်မှုဆိုတဲ့ ရလဒ်တွေရရှိမှာပါ၊ စိတ်ဓာတ်ခိုင်မာဖို့လိုပါတယ်၊ စုပေါင်းလုပ်ဆောင်လိုတဲ့စိတ်ဓာတ်၊ စည်ကမ်းလိုက်နာလိုတဲ့ စိတ်ဓာတ်တွေနဲ့ နည်းပြဆရာတွေရဲ့ သွန်သင်လမ်းညွှန်မှုအောက်မှာ ကိုယ်တိုင်လိုက်နာခဲ့တဲ့ အားကစားသမားတွေ အောင်မြင်တာပါ၊ နိုင်ငံတကာအားကစားပွဲတွေ၊ ပြည်တွင်းအားကစားပွဲတွေမှာ ဒီနေ့ဆုရခဲ့တဲ့သူတွေ အားလုံးနဲ့ တိုင်းဒေသကြီးအတွင်း ဖွဲ့ထားတဲ့ အားကစားဆပ်ကော်မတီက တာ၀န်ရှိသူတွေကို ကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံသို့ အောင်ပွဲရအားကစားအသင်း ၂၅ သင်းမှ အုပ်ချုပ်သူများက တံခွန်စိုက်ဒိုင်းဆုများ အပ်နှင်းပြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများက အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး အားကစားသမားများ၊ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ဒိုင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြရာ အောင်ပွဲရ အားကစားအသင်းများကိုယ်စား အုပ်ချုပ်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

ယနေ့ကျင်းပပြုလုပ်သည့် ဂုဏ်ပြုဆုငွေချီးမြှင့်ပွဲတွင် တိုင်းဒေသကြီး အောင်ပွဲရအားကစား အသင်း ၂၅ သင်းမှ အားကစားမောင်မယ်များအတွက် ငွေကျပ် သိန်း ၁၂၀၀ ခန့်ကို ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

 

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကျင်းပပြီးစီးခဲ့သည့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အားကစားသမားမောင်မယ်များ အနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၁၀ ခု၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၃၂ ခု၊ ငွေတံဆိပ် ၄၇ ခု၊ ကြေးတံဆိပ် ၄၈ ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၆၀ ခု၊ ငွေတံဆိပ် ၅၂ ခုနှင့် ကြေးတံဆိပ် ၅၅ ခုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်ဒုတိယရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ လူထုလှုပ်ရှားမှုတွင် မန္တလေးတိုင်းဒေသကြီးမှ နှစ်သိမ့်ဆု (၁)၊ ခရိုင်အဆင့်တွင် ပြင်ဦးလွင်ခရိုင်မှ ဒုတိယဆုနှင့် မြို့နယ်အဆင့်တွင် ပုသိမ်ကြီးမြို့နယ်မှ နှစ်သိမ့်ဆု(၂) ရရှိခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)