နေပြည်တော် ၂၁ အောက်တိုဘာ

 

အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ အဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ယမကာများသည် လူမှုရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံတော်အခွန် ဘဏ္ဍာရရှိမှုတို့နှင့် ဆက်စပ်နေသည့်အတွက် ယင်းနှင့်ပတ်သက်သည့် မူဝါဒများသည် အရေးကြီးကြောင်း၊ အရက်၊ ဘီယာ၊ ဝိုင် စသည့် အထူးကုန်စည်များမှ ကောက်ခံရရှိသည့် အခွန်ရရှိမှုမှာ ပမာဏကြီးမားကြောင်း၊ ယမကာနှင့်ဆက်စပ်၍ မူဝါဒများချမှတ် ဆောင်ရွက်သည့်အခါ အခွန်ရရှိမှုအပြင် အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေရရှိရေးစသည့် အချက်များသည်လည်း အရေးပါသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းရှိ အရက်ချက်စက်ရုံများနှင့် ပတ်သက်၍ အသေးစား၊ အလတ်စားလုပ်ငန်းများ ရပ်တည်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့ကိုလည်း ထည့်သွင်းစဉ်းစား ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်းအရာများတွင် အထက်ဌာနများက ကော်မတီထံသို့ သဘောထားမှတ်ချက်များ တောင်းခံထားသည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

 

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ယနေ့အစည်းအဝေးတွင် ကော်မတီဝင်များအနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီ၏ အကြံဉာဏ်များကို စုစည်းဖော်ထုတ်ခြင်းဖြင့် Brainstorming ပြုလုပ်ကာ ဦးစွာဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ လာမည့်သီတင်းပတ်တွင် အရက်ချက်လုပ်ငန်း ဆောင်ရွက်သူ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့် အစည်းအဝေးတစ်ရပ် ကျင်းပပြီး ၎င်းတို့၏ သဘောထားများကို ရယူစုစည်း၍ နောက်တစ်ကြိမ် ထပ်မံကျင်းပမည့် ကော်မတီအစည်းအဝေးတွင် ပြန်လည်ဆွေးနွေးကာ မူဝါဒတစ်ရပ် သုံးသပ်တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ သတ္တမအကြိမ် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး အစီအစဉ်များအတိုင်း ဆွေးနွေးရန်ရှိသည့် အကြောင်းအရာများကို ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြု တင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn