နေပြည်တော် ၂၆ ဇူလိုင်
နိုင်ငံခြားသားအကြမ်းဖက်သမား(၄)ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှား နိုင်ငံရဲချုပ် Detuk Seri Abdul Hamid Bador က ပြောကြားခဲ့ကြောင်း ဇူလိုင် ၁၀ ရက်ထုတ် မလေးရှားနေ့စဉ်ထုတ် သတင်းစာဖြစ်သည့် The Star Online တွင် ဖော်ပြပါရှိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြားသားအကြမ်းဖက်သမား (၄) ဦးတွင် မြန်မာနိုင်ငံသား ၂ ဦးပါဝင်ပြီး ဇွန် ၂၄ ရက်က Kedah ပြည်နယ် Sungai Petani တွင် ဖမ်းဆီးရမိခဲ့သော အသက် ၄၁ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်နှင့် ဇူလိုင် ၃ ရက်က Alor Setar တွင် ဖမ်းဆီးရမိခဲ့သော Bukit Pinang ရှိ ဘာသာရေးကျောင်းတွင် ဆရာအဖြစ်လုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် အစ္စလာမ် ဘာသာဝင်တို့သည် ARSA အကြမ်းဖက်အဖွဲ့အား ကူညီပံ့ပိုးပေးနေသူများဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ အကြမ်းဖက်သမား ၂ ဦးသည် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်


