ခုခေတ် အိမ်ရှင်မတွေထဲမှာ နေ့တိုင်းစျေးသွားပြီး ချက်ပြုတ်စားသောက်တဲ့သူ အတော်ကိုနည်းသွားပါပြီ။ အိမ်အလုပ်ကတစ်ဖက်၊ အခြားအပြင်အလုပ်ကတစ်ဖက်တွဲပြီး လုပ်လာကြတဲ့သူ များလာတာကြောင့် ရေခဲသေတ္တာဆိုတာ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် အဆင်အပြေဆုံး ပစ္စည်းသိမ်းဆည်းစရာ နေရာဖြစ်လာပါပြီ။

 

ဒါပေမယ့် ရေခဲသေတ္တာထဲမှာ စားစရာတွေကို သေချာမသိမ်းထားတတ် ရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။ အရေး အကြီးဆုံးကတော့ အသားစိမ်းတွေပေါ့။ အသားစိမ်း၊ ငါးစိမ်းဆိုတာ ဘက်တီးရီးယားတွေ အပြည့်ဖြစ်နေတတ်လို့ သေချာမသိမ်းထားရင် ရေခဲသေတ္တာဆိုတာ ဘက်တီးရီးယားတို့ ပေါက်ဖွားရာ အသိုက်အမြုံကြီး ဖြစ်သွားနိုင်ပါတယ်။

 

ရေခဲသေတ္တာထဲ ထည့်ထားလို့ အသားငါးတွေ လုံးဝပုပ်မသွားနိုင်ဘူးဆိုတဲ့ အယူအဆကလည်း မှားနေတဲ့အရာတစ်ခုပါ။ ရေခဲသေတ္တာထဲ ဘယ်လောက် ထည့်ထည့် အသားတွေမှာလည်း သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ဒီတော့ အသားငါးတွေကို ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းဆည်းမလဲ၊ ဘယ်လောက် တာရှည်ခံနိုင်မလဲဆိုတာ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး တာဝန်ယူထားတဲ့ အိမ်ရှင်မတိုင်း သိထားဖို့ လိုတယ်နော်။

 

ရေခဲသေတ္တာရဲ့ အစိတ်အပိုင်းတွေကို အရင်လေ့လာကြည့်ရအောင်။

 

အသားတွေ သိမ်းဆည်းတဲ့အကြောင်း မပြောခင် ရေခဲသေတ္တာအကြောင်း အရင်သိဖို့လိုပါတယ်။ ရေခဲသေတ္တာဆိုတာ အေးခဲနေတဲ့ နေရာတစ်ခုဖြစ်ပေမယ့် သူ့ကိုအကြမ်းအားဖြဖင့် အကန့် ၂ကန့် ခွဲထားတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ရေခဲစေတဲ့ အပေါ်ကန့်နဲ့ ဒီအတိုင်း အအေးဓာတ်ပေးတဲ့ အောက်အကန့်အကျယ်ကြီး ၂ ခုပေါ့။ အသားတွေကို ထုတ်ပိုးသိမ်းဆည်းတဲ့နေရာမှာ ဒီအကန့်တွေကလည်း အလွန်အရေးကြီးပါတယ်။

 

အနီရောင်ရှိတဲ့ အသားတွေ

 

အမဲသား၊ ဝက်သားတို့ဆိုတာ ရေခဲသေတ္တာ အောက်အကန့်မှာဆိုရင် ၅ရက်လောက် အထားခံပြီး အပေါ်ကန့် အခဲခန်းထဲမှာဆိုရင် ၁နှစ်လောက်ထိ ပျမ်းမျှအားဖြင့် သိမ်းဆည်းထားနိုင်ပါတယ်။

 

ကြိတ်ထားတဲ့ အသားများ

 

ကြက်သား၊ အမဲသား၊ ဝက်သားစသဖြင့် အသားတွေကို ဓားနဲ့ နုတ်နုတ်စဉ်းထားတာ၊ သေချာကြိတ်ထားတာမျိုးဆိုရင် ရေခဲသေတ္တာအောက်အကန့်ထဲမှာ ၂ ရက်လောက်ပဲ အထားခံပြီး အပေါ်ကန့်မှာဆိုရင်တော့ ၄လလောက်ထိ အခဲခံထားလို့ရပါတယ်။ ငါးတွေဆိုရင်လည်း ဒီအချိန်လောက်ပဲ အထားခံပါတယ်။

 

ဝက်အူချောင်း၊ ကြက်အူချောင်းတွေ

 

ကိုရီးယားကင်လို့လည်း လူသိများတဲ့ အသားချောင်းတွေအပြင် တခြားအေးခဲထားလို့ရတဲ့ အသင့်ကြော်စားရုံ အစားအစာတွေဆိုရင် အထုပ်မဖွင့်ခင် ရေခဲသေတ္တာ အောက်အကန့်ထဲမှာ အနည်းဆုံး ၂ ပတ်လောက်ခံပြီး ဖွင့်ပြီးသားအထုပ်ကိုတော့ ၅ ရက်အတွင်း ကုန်အောင်စားပေးရပါမယ်။ ရေခဲတဲ့ အကန့်ထဲမှာ သိမ်းထားမယ်ဆိုရင်တော့ ၁ လကနေ ၂ လလောက်ထိ ခံပါတယ်။

 

ဝက်ပေါင်ခြောက်

 

ဝက်ပေါင်ခြောက်ကတော့ ရေခဲသေတ္တာ အောက်အကန့်မှာဆိုရင် ၁ ပတ်လောက်ပဲ အထားခံပြီး ရေခဲသေတ္တာ အပေါ်ကန့် အခဲခန်းထဲမှာ သိမ်းရင်တော့ ၁ လလောက်ထိ အထားခံပါတယ်။

 

ကြက်ဥ

 

ကြက်ဥအစိမ်းကိုတော့ အပေါ်ကန့် အခဲခန်းထဲမှာ သိမ်းလို့မရဘဲ အောက်အကန့်မှာသာ သိမ်းဆည်းလို့ရပါတယ်။ ပုံမှန်အားဖြင့် ကြက်ဥအစိမ်းသည် ၁လလောက်အထိ ရေခဲသေတ္တာထဲ အထားခံပြီး ပြုတ်ပြီးသားကြက်ဥဆိုရင်တော့ တစ်ပတ်ထက် ပိုမခံပါဘူး။

 

အသားတွေ စနစ်တကျ သိမ်းဆည်းတော့မယ်ဆိုရင်

 

အသားတွေကို ရေခဲသေတ္တာထဲ ဘယ်လောက်တာရှည်ခံမလဲဆိုတာ ပြောပြပြီးပြီဆိုတော့ စနစ်တကျ ဘယ်လိုသိမ်းဆည်းသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

 

•    အရင်ဆုံး အသားငါးတွေကို စျေးကဝယ်လာပြီးတာနဲ့ ရေစင်အောင် သေချာဆေးကြောပေးရပါမယ်။

 

•    အသားတွေကို သေချာဆေးပြီးပြီဆိုတာနဲ့ ရေခဲသေတ္တာထဲ ထည့်ဖို့၊ ထုပ်ပိုးပေးဖို့ ပြင်ဆင်ရပါမယ်။

 

•    ဘူးထဲမှာ လေအလုံပိတ်ထည့်ထားတာမျိုးဖြစ်စေ၊ Zip Lock ပလတ်စတစ် ဇစ်ပိတ် လေလုံအိတ်တွေထဲ သိမ်းထားတာမျိုးဖြစ်ဖြစ် သေချာထုပ်ပိုးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။

 

•    အသားငါးတွေကို သပ်သပ်နေရာဖယ်ထားပြီး သိမ်းပါ။ အသီးအရွက်တွေနဲ့ လုံးဝမရောပါနဲ့။

 

Hello ဆရာဝန် ပရိတ်သတ်ကြီးအားလုံးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn ၊ ရေးသားသူ Ye Myo Myat

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”