နေပြည်တော် ၅ နိုဝင်ဘာ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအောက်ရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့များဖြစ်သော MSME အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည် ဖော်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန SME Center (ရန်ကုန်) တို့တွင် Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ MSME အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်း၊ MSME အေဂျင်စီ တွဲဖက်ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးခင်မောင်ကျော် (ဒုတိယဝန်ကြီး-ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး၊ အဖွဲ့(၃)ဖွဲ့၏ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် MSME အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုနည်းရန်၊ ခံနိုင်ရည်ရှိရန်၊ ပြောင်းလဲလာသည့် အခြေအနေများနှင့်အတူ လိုက်ပါပြောင်းလဲနိုင်ရန်နှင့် MSME လုပ်ငန်းများ ရပ်တည်နိုင်မည့် နည်းလမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးပေးနိုင်ရေး၊ MSME လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အဓိက ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များထဲမှ e-commerce နှင့် Digital နည်းပညာကို လွယ်ကူအဆင်ပြေစွာ သုံးစွဲလာ နိုင်စေရေးနှင့် Digital Empowerment ဖြစ်ပေါ်လာရေး၊ MSME မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာ အေဂျင်စီများမှ ထုတ်ပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် National MSME Master Plan၊ Regional MSME Action Plan များနှင့် Strategy များအား ချိတ်ဆက်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ကိုဗစ်-၁၉ ကြောင့် MSME လုပ်ငန်းများ၏ ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေ ထောက်ပံ့ပေးနေမှုများနှင့် ဆက်လက်ရပ်တည်နိုင်ရေး ပံ့ပိုးပေးရမည့် အစီအစဉ်များ၊ MSME လုပ်ငန်းများအတွက် JICA Two Step Loan (Phase III) ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ MSME ရံပုံငွေတစ်ရပ် ထူထောင် နိုင်ရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်း ရေးဆွဲနေမှုအခြေအနေများ၊ MSME လုပ်ငန်းများ၏ Financial Literacy Awareness မြှင့်တင်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် Credit Guarantee Corporation (CGC) ထူထောင်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် MSME အေဂျင်စီတွဲဖက်ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ မင်းရဲပိုင်ဟိန်းက ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကြောင့် MSME လုပ်ငန်းများ ထိခိုက်ခံစားရမှု အနည်းဆုံး ဖြစ်စေရေး၊ ကိုဗစ်အလွန်ကာလမှာ MSME လုပ်ငန်းတွေ အမြန်ဆုံးပြန်လည်ရပ်တည်နိုင်ရေးအတွက် ကူညီပံ့ပိုးရေး၊ MSME လုပ်ငန်းများအတွက် Certification System များ ဖွံ့ဖြိုးတိုးတက်လာရေး၊ MSME များ၏ Digitalization အသွင် ကူးပြောင်းမှုအားကောင်း လာရေး၊ New Normal အခြေအနေတွင် MSME Agency ၏ စွမ်းဆောင်ရည်ကဏ္ဍကို Normal ထက် ပိုမိုမြှင့်တင်နိုင်ရေး၊ MSME Agency အနေဖြင့် Institutionalization ပြုလုပ်ရာတွင် Hard Infrastructure နှင့် Soft Infrastructure များ ဖွံ့ဖြိုးလာစေရေးအတွက် စနစ်တကျဆောင်ရွက်သွားနိုင်ရေးနှင့် National MSME Master Plan နှင့် ချိတ်ဆက်ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နာယက ဦးခင်မောင်ကျော်၊ MSME အေဂျင်စီ ဒုတိယဥက္ကဋ္ဌ၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က ရှင်းလင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။ အဆိုပါအစည်းအဝေးသို့ MSME အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့တို့မှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ စုစုပေါင်း (၄၀)ခန့် တက်ရောက်ခဲ့ကြပြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအလိုက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


