တောင်ကြီး  ၂   ဇူလိုင် 


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Covid-19 ကာလအလွန်တွင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် အသက်မွေးဝမ်းကြောင်း အ‌ထောက်အကူပြု ကာလအလွန် သင်တန်းအကြိမ်(၂၀) ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်သည့် ‌ဒေသခံပြည်သူများအား အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးကြောင်း၊ စားသောက်ကုန် လူသုံးကုန်ပစ္စည်းများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓါတ်ခွဲစမ်းသပ်၍ သတ်မှတ်စံနှုန်း ပြည့်မီမှု ရှိ/မရှိ ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဖြစ်သည့် မြင်းကောင်‌ရေ(၅)ကောင်အောက် အလုပ်သမား (၉)ဦးထက် မပိုသော စက်မှုလုပ်ငန်းအနေဖြင့် အလုပ်သမား (၃)ဦးနှင့်အထက်ရှိသူကို မှတ်ပုံတင်ပေးခြင်းကို ဆောင်ရွက်ပေးကြောင်း၊ ဌာနအပြင် ဒေသခံပြည်သူများကို သင်တန်း ဖွင့်လှစ်ပေးမှုတွင် ဆိုင်ကယ်ပြင်၊ တစ်လုံးထိုးအင်ဂျင်၊ အခြေခံ ဝါးလုပ်မှုသင်တန်း၊ အခြေခံ သံဂဟေဆက်လုပ်ငန်း၊ တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်းပညာလုပ်ငန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများကို ပြည်နယ်ရုံးအနေဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊


ပြည်နယ်ရုံး လက်အောက်ရှိ ရက်ကန်းနှင့် သက်မွေးသင်တန်း ကျောင်း (၂)ကျောင်း၊ ကျောက်မဲမြို့၊ ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်းမှ အခြေခံစက်ချုပ်သင်တန်း၊ သဘာဝဆိုးဆေး၊ ဂျက်ခုတ်သင်တန်းများကို ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ (၆)လတာကာလအတွင်း သင်တန်းကို (၂၇)ကြိမ် ဖွင့်လှစ်ပြီး သင်တန်းသားဦးရေ (၅၃၄)ဦး သင်ကြားပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိဌာနမှ သင်တန်းအပြင် ‌ဒေသအတွင်းရှိ စားသောက်ကုန်၊ လူသုံးကုန် ထုတ်လုပ်နေသည့် လုပ်ငန်းများတွင် သတ်မှတ်စံချိန်စံညွှန်း ရှိ/မရှိ ဓါတ်ခွဲမှု ဆောင်ရွက်ပေးခဲ့ကြောင်း၊ (၆)လတာကာလအတွင်း (၂၅၈)ကြိမ် ဓါတ်ခွဲဆောင်ရွက်ပေးခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းများကို (၆)လတာကာလအတွင်း (၁၅၄)ခု မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ကြောင်း၊


Covid-19 ကာလတွင် မိမိတို့ဌာန နှင့် ဆက်စပ်နေသည့်အတွက် ရောဂါကာကွယ်နိုင်ရန် Hand Gel ထုတ်လုပ်ခြင်း နည်းပညာများကို တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ပူးပေါင်း၍ ဌာနတွင် နည်းပညာ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ၎င်းအပြင် Online ပေါ်တွင် မိမိဌာနကို မေးမြန်းလာမည်ဆိုပါက Online မှတစ်ဆင့် မည်ကဲ့သို့ ပြုလုပ်‌ဆောင်ရွက်ရမည်ကို တစ်ဦးချင်း သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ဌာနမှ Hand Gel ကို ဌာနဝန်ထမ်းများမှ ထုတ်လုပ်ပြီး လိုအပ်နေသော ဒေသခံပြည်သူများအတွက်နှင့် သက်ဆိုင်ရာဌာနများပါ လှူဒါန်းခြင်းကို Covid-19 ကာလတွင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ Covid-19 ကာလအလွန် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရန် ဒေသမှ ထွက်သည့် စားသောက်ကုန်နှင့် ဌာနမှသင်ကြားပေးနေသည့် စားသောက်ကုန်၊ လူသုံးကုန်များကို သင်တန်းပေါင်း အကြိမ် (၂၀)ကို ဖွင့်လှစ်သင်ကြားပေးနိုင်ရန် မိမိဝန်ထမ်းများ ယခုအချိန်တွင် လေ့ကျင့်လျက်ရှိပါကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။


သင်တန်းများကို မိမိတို့ဌာန၊ ရုံးများတွင် ဖွင့်လှစ်တာထက် ဒေသခံပြည်သူများ လိုအပ်သော ကျေးရွာများတွင် သွားရောက်ဖွင့်လှစ်ပေးလျက် ရှိပါကြောင်းနှင့် သင်တန်းတက်ရောက်သူများကို သင်တန်းကြေး အခမဲ့ ဖြစ်ပြီး သင်တန်း ကုန်ကြမ်းကို မိမိတို့ဌာနမှ တာဝန်ယူ၍ သင်တန်းသားများ အချိန်မလင့်စေရန် စားသောက်မှုကိုလည်း တာဝန်ယူပေး ပါကြောင်း၊ သင်တန်းဆင်းချိန်တွင် သင်ကြားပေးလိုက်သည့် ပညာရပ်များကို အသုံးချနိုင်ရန် လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးခြင်း၊ ချေးငွေလုပ်ငန်း ဆောင်ရွက်နေသည့် MSE ဌာနများနှင့် ချိတ်ဆက်၍ ‌ဒေသခံပြည်သူများ ရင်းနှီး မတည်ငွေ ရရှိအောင် ‌ဆောင်ရွက်‌ပေးပါကြောင်း၊ Covid-19 ကာလအလွန်တွင် မိမိတို့ဌာနအနေဖြင့်ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ကာလအလွန် သင်တန်းအကြိမ် (၂၀) ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများနှင့် ချိတ်ဆက်၍ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းအားလုံး အကြိမ်(၂၀)ကို သင်တန်းတစ်ခုစီတွင် (၆)ရက်နှင့် လက်တွေ့များများ၊ စာတွေ့နည်းနည်း ပို့ချ၍ သင်တန်း ပြီးဆုံးပါက သင်တန်းမှရရှိသည့် ပညာရပ်များဖြင့် လုပ်ကိုင်နိုင်ရန် ကျွမ်းကျင်အောင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


မောင်မောင်သန်း(ပြန်/ဆက်)