လှိုင်းဘွဲ ၄ ဇူလိုင်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၅)နှစ်အောက်ကလေးများ ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးက ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ် ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေး ခြင်းကို ဇူလိုင်လ(၇)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပထမအကြိမ် တိုက်ကျွေးသွားမှာဖြစ်ပြီး မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၅၁)ရွာသို့ ကျန်းမာရေးဝန်ထမ်းများ၊ NGO၊ INGO အဖွဲ့များနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ အသက်(၅)နှစ်အောက်ကလေးများအားလုံး မကျန်ရှိစေရေး အတွက် အင်တိုက်အားတိုက် ပိုလီယိုကာကွယ်ဆေးအား တိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


