ဘုတလင်   ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ နံနက် ၁၀ နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အထွေထွေ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေး၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းနှင့် ကြေညာပေးခြင်း၊ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ မဲဆန္ဒနယ်အလိုက် မဲရုံများ အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် ပါတီကိုယ်စားပြုပါဝင်မည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံသို့ ပေးအပ်ကြသည်။

 

အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဘုတလင်မြို့နယ်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ(၅)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)