ရေကြည် ၁၃ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် မဲရုံမှူးနှင့်အဖွဲ့ဝင်များ ပဏာမစိစစ်ရွေးချယ်ခြင်းအတွက်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက အ-ထ-က (၁) တေဇာသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်မြို့နယ်ပညာရေးမှူးဦးသန်းမော်က တာဝန် ထမ်းဆောင်ရန်အတွက် မဲရုံမှူးနှင့် အဖွဲ့ဝင်များကို စိစစ်ရွေးချယ်ရာတွင် အဓိကမဲရုံမှူးသည် စွမ်းဆောင်ရည်ရှိသလို အတွေ့အကြုံရှိမည့်သူကို ရွေးချယ်ရန်၊ ဆရာ ဆရာမများသည် ရွေးကောက်ပွဲတာဝန်ကို သန့်သန့်ရှင်းရှင်း တာဝန်ယူဆောင်ရွက်ရန်နှင့် မဲစာရင်းကြည့်တာကအစ မဲပေးတာအဆုံး ရွေးကောက်ပွဲကော်မရှင်၏ စံ(၅)ရပ်နှင့် အညီ ဆောင်ရွက်ရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးမြင့်သန်းက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော ပုဂ္ဂိုလ်များက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါမဲရုံမှူးနှင့် အဖွဲ့ဝင်များ ပဏာမ စိစစ်ရွေးချယ်ခြင်း ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန်(ရေကြည်)