နေပြည်တော် ဒီဇင်ဘာ ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရန်ကုန်၌ (၃၅)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့် အသည်းအလှူရှင်တို့ကို ကြည့်ရှုအားပေးသည်။
အသည်းအစားထိုး ခွဲစိတ်ကုသသည့်လူနာမှာ အသက်(၂၉)နှစ်အရွယ်အမျိုးသားဖြစ်ပြီး အသည်းအလှူရှင်မှာ ၄င်း၏ ညီမဝမ်းကွဲတော်စပ်သူ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ အဆိုပါ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ယမန်နေ့နံနက်(၇)နာရီမှ ညနေ ၃နာရီခွဲအထိ အောင်မြင်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသပြီး လူနာ(၂)ဦးကို အထူးကြပ်မတ်ကုသဌာန၌ ထားရှိ၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု များကို ဆက်လက်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့် ကုသရေး ဦးစီးဌာန၏ အနီးကပ်ပံ့ပိုးမှုတို့ဖြင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း ဦးဆောင်သော ပြည်သူ့ဆေးရုံကြီးများတွင် အသည်းအစားထိုး ခွဲစိတ်မှုအောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး(အသည်းနှင့် သည်းခြေလမ်းကြောင်းခွဲစိတ်) ပါမောက္ခဒေါက်တာ စိုင်းအောင်ညွန့်ဦး ခေါင်းဆောင်သော အသည်းခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး(အသည်းဆေးကု) ပါမောက္ခဒေါက်တာ ဝင်းဝင်းဆွေ ခေါင်းဆောင်သော အသည်း ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခဒေါက်တာမူမူနိုင် ခေါင်းဆောင် သော မေ့ဆေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့်သွေးကြောခွဲစိတ်) ပါမောက္ခ ဒေါက်တာ ဝင်းဝင်းကျော် ခေါင်းဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(ဓာတ်ခွဲ) ဒေါက်တာဆွေဆက် ခေါင်းဆောင်သောရောဂါရှာဖွေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး(ဓာတ်မှန်) ပါမောက္ခ ဒေါက်တာအောင်ချိုထွန်း ခေါင်းဆောင်သော ဓာတ်မှန်ပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အမျိုးသားသွေးဌာန) ဒေါက်တာသီတာအောင် ခေါင်းဆောင် သော သွေးနှင့် သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့တို့နှင့်အတူ ပါမောက္ခ/ဌာနမှူး (အသည်းခွဲစိတ်)(ငြိမ်း) ဒေါက်တာတင်တင်မာ၊ ပါမောက္ခ/ဌာနမှူး(မေ့ဆေး)(ငြိမ်း) ဒေါက်တာ ကြည်ကြည် စန်း၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန်မှဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး၊ တွဲဖက် ပါမောက္ခ(မေ့ဆေး) ဒေါက်တာမောင်မောင်ဆွေ၊ အထူးကုဆရာဝန်ကြီး(ဓာတ်ခွဲ) ဒေါက်တာယဉ်မူယာ၊ အထူးကုဆရာဝန်ကြီး(ဓာတ်မှန်) ဒေါက်တာသဇင်သန်းနှင့် ဆရာဝန်များ၊ သူနာပြုအုပ်များဖြစ်သော ဒေါ်စန်းစန်းရင်နှင့် ဒေါ်ပိုပိုအောင်၊ ကျွမ်းကျင်သူနာပြု ဆရာမကြီးများဖြစ်သော ဒေါ်ကေသီနွယ်နှင့် ဒေါ်ယုယုလင်း ဦးဆောင်သော သူနာပြုများအဖွဲ့၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၊ အထောက်အကူပြုဝ န်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ဆောင်ရွက်ခဲ့ကြသော ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးကုသရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ပူးပေါင်း ဆောင်ရွက်သော Seoul National University Hospital မှ Professor Kwang Woong Lee နှင့် Dr. Jaeyoon Kim တို့အားတွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားကာ အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ဆက်လက် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး အမှတ်တရ လက်ဆောင်များပေးအပ်သည်။
အသည်းအစားထိုးခွဲ စိတ်ကုသမှုများကို ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံသစ်ကြီး၌ ၂၀၀၄ ခုနှစ်တွင် (၁)တွဲ၊ ၂၀၀၉ ခုနှစ်တွင် (၁)တွဲဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန် ဖွင့်လှစ်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် (၁)တွဲ၊ ၂၀၁၆ ခုနှစ်တွင် (၄)တွဲ၊ ၂၀၁၇ ခုနှစ်တွင် (၆)တွဲ၊ ၂၀၁၈ ခုနှစ်တွင် (၁၁)တွဲ၊ ၂၀၁၉ ခုနှစ်တွင် (၁၀) တွဲ၊ စုစုပေါင်း (၃၄)တွဲကို လည်းကောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ၂၀၁၇ ခုနှစ်တွင် (၃)တွဲ၊ ၂၀၁၈ ခုနှစ်တွင် (၇)တွဲ၊ ၂၀၁၉ ခုနှစ်တွင် (၄)တွဲ၊ စုစုပေါင်း (၁၄)တွဲကိုလည်းကောင်း၊ ကလေးဆေးရုံကြီး-ရန်ကုန်၌ ၂၀၁၉ ခုနှစ်တွင် (၃)တွဲကိုလည်းကောင်း ဆောင်ရွက်နိုင်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအရ ရပ်နားခဲ့ရရာမှ ယခုပြန်လည် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်တွင်း၌ အသည်းအစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများအတွက် လိုအပ်သော ကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေနိုင်မည် ဖြစ်ကြောင်းနှင့် အသည်းအစားထိုးခွဲစိတ်ကုသမှုများ ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)