နေပြည်တော်၊ အောက်တိုဘာ ၉
နိုင်ငံ့ဝန်ထမ်းများအကြား အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းနှင့် စဉ်ဆက်မပြတ် လေ့လာခြင်း အလေ့အထများ ထွန်းကားစေခြင်းဖြင့် ဝန်ထမ်းတိုင်း စွမ်းဆောင်ရည် ပိုမိုမြင့်မား တိုးတက်လာစေရန် ပြည်တွင်းပြည်ပ ဆွေးနွေးပွဲ သင်တန်းအတွေ့အကြုံ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
ရှင်းလင်းပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အမှာစကားပြောကြားပြီး ဆွေးနွေးပွဲနှင့် သင်တန်းတက် ရောက်ခဲ့သူများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများရှိ ရေအသုံးပြုသူ အုပ်စုများအကြား စိုက်ပျိုးထုတ်လုပ်ရာတွင် သွင်းရေ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေမည့် အကောင်းဆုံး အလေ့အကျင့်များ ဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ရေစီမံခန့်ခွဲမှုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စျေးကွက်ဆိုင်ရာသုတေသန ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲ အတွေ့အကြုံများကိုလည်းကောင်း၊ ဂျပန်နိုင်ငံ University of Tsukuba တွင် စိုက်ပျိုးရေး ဇီဝအရင်းအမြစ် သိပ္ပံနှင့်နည်းပညာ ဘာသာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းပြောကြားကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
(CLMV) အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများနှင့် ကျန်ရှိသည့် ASEAN (၆) နိုင်ငံတို့အကြား အတွေ့အကြုံများမျှဝေခြင်းအတွက် လမ်းစဉ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေးနှင့် အကောင်းဆုံးအလေ့အကျင့်များ ဖြန့်ဝေရေး ဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အလားတူ ရေစီမံခန့်ခွဲမှုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စျေးကွက်ဆိုင်ရာသုတေသန ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲတွင် မဲခေါင် မြစ်ဝှမ်းဒေသအတွင်း စဉ်ဆက်မပြတ် ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက် အလက်များ ဖလှယ်နိုင်ရေး၊ ကိုးရီးယာသမ္မတနိုင်ငံနှင့် အာဆီယံဒေသရှိ မဲခေါင်နိုင်ငံများမှ အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများကြား ချိတ်ဆက်ပေါင်းစပ်မှုများ ပိုမိုအားကောင်းလာစေရေး နှင့် ပိုမိုထိရောက်စေမည့် ရေစီမံခန့်ခွဲမှုစနစ်များ ပေါ်ပေါက်လာစေရေး၊ သဘာဝပတ်ဝန်းကျင် နှင့် လူမှုစီပွား ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ချမှတ်ရမည့် မူဝါဒများ ချမှတ်နိုင်ရန် ပူးပေါင်းအကြံပြု နိုင်စေရေးဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်