ရန်ကုန် မတ် ၂
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူတော်ကြီး ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညို ကြသည်။
အစည်းအဝေး မစတင်မီ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား နဝကမ္မအလှူတော်ငွေများနှင့် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ပရိတ်တော်၊ သုတ်တော်၊ ဒေသနာတော်များ ပါဠိမြန်မာပြန်စာအုပ်များကို ဆက်ကပ်လှူဒါန်းသည်။
အစည်းအဝေးတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိဆရာတော်အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။
ယင်းနောက် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသောဆရာတော်အားလုံးက “သာသနဿ စ လောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ” အစချီသော ၂ ဂါထာကို တညီတညွတ်တည်း ၃ ကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ဖွင့်လှစ်တော်မူကြသည်။ ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးကျင်းပမည့် ၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၄၊ ၅၊ ၆ ရက်၊ ၂၀၂၅ ခုနှစ်၊ မတ် ၂၊ ၃၊ ၄ ရက်များအတွက် အစည်းအဝေးအစီအစဉ်များကို လျှောက်ထားပြီး အစည်းအဝေးကြီး၏ အတည်ပြုချက်ကိုရယူသည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများဖြစ်ကြသော ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိဿုတ၊ ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုမာရ၊ တာမွေမြို့နယ်၊ ဒေဝကုန္နရီပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တထေရာနန္ဒ၊ မြိတ်မြို့၊ လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာသနနှင့် စလင်းမြို့၊ မဟာဝိသုတာရာမတိုက်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေတုတို့၏ ဩဝါဒကထာများကို နာယူကြသည်။
ထို့နောက် အစည်းအဝေး သဘာပတိဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယဩဝါဒကထာကို မြွက်ကြားတော်မူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ၁၃၈၅ ခုနှစ်၊ တပေါင်းလမှ ၁၃၈၆ ခုနှစ် ယနေ့အထိ တစ်နှစ်တာကာလအတွင်း ပျံလွန်တော်မူသွားကြသော နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအတွက် သံဝေဂဉာဏ် ပွားတော်မူကြောင်း မှတ်တမ်းတင်ခြင်း၊ အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၏ဘွဲ့ အမည်စာရင်းများကို အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ပြီး နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။
ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပပြီး တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာ အကျဉ်းကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက တင်သွင်း လျှောက်ထားသည်။
ထို့နောက် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာ အကျယ်ကို ကဏ္ဍအလိုက် ဖတ်ကြားတင်သွင်းရာ ဝိနိစ္ဆယရေးရာကဏ္ဍကို အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသီဟ က လည်းကောင်း၊ သာသနာရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ က လည်းကောင်း၊ ပညာရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယက လည်းကောင်း ဖတ်ကြားတင်သွင်းလျှောက်ထားပြီး မွန်းလွဲပိုင်းတွင် ပထမနေ့အစည်းအဝေးကို ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ဦးသိန်းမောင် ဇနီး ဒေါ်ပါးပါး စန္ဒီပရဆေးမိသားစု၊ အမှတ် ၂၄၀၊ ကုန်ဈေး တန်းလမ်း၊ ရန်ကုန်မြို့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်