ရန်ကုန် ဖေဖော်ဝါရီ ၂၈

 

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင်တွင် ဆက်လက်ကျင်းပသည်။

 

တက်ရောက်ကြည်ညို

အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

 

အစည်းအဝေးတွင် သဘာ ပတိအဖြစ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက် တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက ဆောင်ရွက်တော်မူသည်။

 

ဆွေးနွေးတော်မူ

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပထမအဖွဲ့ခွဲ၏ဆဋ္ဌအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိသုဒ္ဓါစာရာဘိဝံသ က လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဥတ္တရကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရက လည်းကောင်း ဝေဖန် ဆွေးနွေးတော်မူကြသည်။ ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ် တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။

 

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေး ဒုတိယနေ့ ဒုတိယ ပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယ ရေးရာကိစ္စများ၊ သာသနာရေးရာ ကိစ္စများ၊ ပညာရေးရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ် တော်မူကြသည်။

 

ပြန်ကြားလျှောက်ထား

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးချက်များအပေါ် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်ကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟ က လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတကလည်း ကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ က လည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။

 

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက အတည်ပြုချက်ရယူပြီး အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါး စုံညီ ဧကူနဝီသတိမ အစည်းအဝေး ကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးသည်။

 

ဆက်ကပ်လှူဒါန်း  

ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်း ကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာ တော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မ မိတ်ဆွေများက ဧကစတ္တာလီ သတိမ(၄၁)ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း တစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်