ရန်ကုန်၊ ဒီဇင်ဘာ ၄

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး၊ ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်  သန်လျင်မင်းကျောင်း ပထမ ပြန်စာသင်တိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေး မှူးများ တက်ရောက်ကြည်ညိုကြသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာ ဘိဝံသက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။

 

ဦးစွာအခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ပထမ ပြန်စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာ မြွက်ကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရက တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို ကဏ္ဍအလိုက် တင်သွင်းကြရာ ဝိနိစ္ဆယရေးရာ အစီရင်ခံစာကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသက လည်းကောင်း၊ သာသနာရေးရာ အစီရင်ခံစာကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရက လည်းကောင်း၊ ပညာရေးရာ အစီရင်ခံစာကို အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရက လည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။

 

ထို့နောက် ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရပ်နားသည်။

 

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမ အစည်းအဝေး၊ ပထမနေ့၊ ဒုတိယပိုင်းကို  မွန်းလွဲ ၁ နာရီတွင် ဆက်လက် ကျင်းပခဲ့ပြီး သာသနာရေးရာ၊ ဝိနိစ္ဆယ ရေးရာ ကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများက ဝေဖန် ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်း၌ ရပ်နားသည်။

 

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီးများအား အရုဏ်ဆွမ်းအလှူရှင်အဖြစ် ဖခင်ဦးမောင်မောင်၊ မိခင် ဒေါ်ခင်ခင်ကြီးတို့ကို ရည်စူး၍ သမီး(သဒ္ဓမ္မဇောတိကဓဇ)ဒေါ်ပြုံးဝေသီနှင့် နေ့ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဇနီး ဒေါ်ကြိုင်ကြိုင် အမှူးပြုသည့် ဓမ္မမိတ်ဆွေများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

သတင်းစဉ်