မန္တလေး ၁၈ စက်တင်ဘာ
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောရွာ သီတဂူစက္ခုဒါနဆေးရုံတော်၌ အပတ်စဉ် ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် အထွေထွေရောဂါ၊ သွားရောဂါများကို အခမဲ့ကုသပေးခြင်းများ လုပ်ဆောင်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် လက်ရှိကာလတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သီတဂူ စက္ခုဒါနဆေးရုံ ဦးဆောင်ဆရာတော် ဒေါက်တာသုန္ဒရ(Phd)ထံမှ သိရသည်။
သီတဂူစက္ခုဒါနဆေးရုံမှာ ၂၀၁၅ ခုနှစ်မှ စတင်ကာ အထွေထွေရောဂါ လူနာများကို ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့တိုင်း အခမဲ့ကုသပေးခြင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် အခမဲ့မျက်စိခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိပြီး ခွဲစိတ်မှုများအတွက် မျက်စိခွဲစိတ်ဆရာဝန် (၉)ဦး၊ မျက်စိစမ်းသပ်ဆရာဝန် (၅)ဦး၊ သူနာပြု (၂၀) စေတနာ့ဝန်ထမ်း အသင်းအဖွဲ့ (၁၂)ဖွဲ့တို့မှ ပူးပေါင်းဆောင်းရွက်လျက်ရှိသည်။
အဆိုပါဆေးရုံတော်၌ အပတ်စဉ်လူနာများကို အခမဲ့ကုသပေးရာတွင် လစဉ်ငွေစုစာအုပ်ဖြင့် လှူဒါန်းခြင်း၊ အခါအားလျော်စွာ လာရောက်လှူဒါန်းသော အလှူငွေများဖြင့် ကုသပေးခြင်းဖြစ်သည့်အတွက် အထွေထွေရောဂါများ ကုသနိုင်ရန်အတွက် အလှူငွေများ လှူဒါန်းလျက်ရှိသည်။ အထွေထွေရောဂါများ ကုသနိုင်ရန်နှင့် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်းအတွက် မျက်စိအလင်းဒါနပြုလိုသူများ အနေဖြင့် မျက်စိတစ်လုံး ခွဲစိတ်ကုသခ ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် အုန်းချော သီတဂူစက္ခုဒါနဆေးရုံ ဦးဆောင်ဆရာတော် ဒေါက်တာသုန္ဒရ(Phd)ဖုန်း ၀၉-၇၇၇၇၅၂၉၄၅ သို့ ဆက်သွယ်ကာ ကုသိုလ်ပြု ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
တိမ်တမန်


