နေပြည်တော်      ဇူလိုင်      ၂၂

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၃)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၀၀) တို့၏ သင်တန်းဆင်း အခမ်းအနားများကို ဇူလိုင် ၂၂ ရက် နံနက် ၇ နာရီခွဲက တက္ကသိုလ်စစ်ရေးပြကွင်း၌ တစ်ပေါင်းတည်း ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက “နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဟူသော စွမ်းရည်သုံးရပ် ဖွံ့ဖြိုးတိုးတက်ပြီး အဂတိတရားကင်းစင်၍ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်စေရေးနှင့် နိုင်ငံတော်က မျှော်မှန်းသည့် ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ သန့်ရှင်းသည့် အစိုးရဖြစ်ထွန်းရန် ပြည်သူ့ဝန်ထမ်းများ၏ ရင့်ကျက်မှု၊ အတွေ့အကြုံရှိမှု၊ အရည်အသွေးပြည့်ဝမှုများကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန်၊ လူတော်  များက လူကောင်းဖြစ်လာစေရန်၊ ပြည်သူ့ဝန်ကို ထမ်းမည့်၊ ပြည်သူများ၏ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်း ဝန်ဆောင်မှုပေးမည့်သူများ ဖြစ်လာစေရန်နှင့် နိုင်ငံရေးပါတီများနှင့် ကင်းရှင်းပြီး တိုင်းပြည်နှင့် လူမျိုး အကျိုးရှေးရှု၍ တာဝန်ကျေပွန်သော ဂုဏ်သိက္ခာ ကျင့်ဝတ်မြင့်မားသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်စေရေး ဦးတည်လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း။

ထို့အပြင် ကာကွယ်ရေး ပညာဌာနမှလည်း အခြေခံ စစ်ပညာဘာသာရပ်ကို သင်ကြားပေးခြင်းဖြင့် အခြေခံ စစ်ပညာ၏ စံတန်ဖိုးများဖြစ်သည့် စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်တတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်တတ်ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ အဆင့်ဆင့်ကွပ်ကဲ ဆောင်ရွက်တတ်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း စသည့် အလေ့အကျင့် ကောင်းများရရှိပြီး ကာကွယ်ရေးအသိအမြင် ပိုမိုရရှိကာ နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်သည့်အချိန်တွင် အသုံးချနိုင်စွမ်းရှိသည်အထိ ဆက်လက်လေ့ကျင့်သွားကြရန် မှာကြားလိုကြောင်း။

နိဂုံးချုပ်အနေဖြင့် အနာဂတ်နိုင်ငံတော်၏ အဓိကစွမ်းအားစုသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ပေးအပ်သည့် တာဝန်များကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ အဂတိတရားကင်းစင်၍ အုပ်ချုပ်ရေး၊ လုပ်ငန်းစွမ်းဆောင်ရည်၊ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ငန်း တာဝန်များကို ရိုးသားကြိုးစား ထမ်းဆောင်ကြရန်၊ မိမိအလုပ်ကို ချစ်မြတ်နိုး တန်ဖိုးထားပြီး နိုင်ငံနှင့်ပြည်သူ့ အကျိုးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြသော နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဝန်ထမ်းများအဖြစ် ရပ်တည်ကြိုးပမ်းကြရန်” တိုက်တွန်း မှာကြားသည်။ ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင် သူရ ဦးဘိုနီ၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/ စီမံ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၃) သို့ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား ၁၂၇ ဦး၊ သင်တန်းသူ ၁၁၉ ဦး စုစုပေါင်း ၂၄၆ ဦးနှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၀၀)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၈၂ ဦး၊ သင်တန်းသူ ၂၇၆ ဦး စုစုပေါင်း ၄၅၈ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေ ၁၆ ရက်မှ ဇူလိုင် ၂၂ အထိ ရက်သတ္တပတ် ၁၀ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်