မော်လမြိုင် ၂၄ ဇွန်
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ နည်းပညာအကူအညီဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ "အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင် ရာတာဝန်ယူမှု" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးခြင်းသည် နိုင်ငံတော်အတွက် အဂတိကင်းစင်သော အဖွဲ့အစည်းရပ်ဝန်းကြီးတစ်ခု ဖြစ်ပေါ်လာစေရန်ဖြစ်သည့်အတွက် မွန်ပြည်နယ်အနေဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် လျှော့ချနိုင်ရန်၊ အဂတိလိုက်စားမှုသိသာထင်ရှားစွာ ကျဆင်းသွားရန်နှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှုဆိုင်ရာ အညွှန်းကိန်းများ သိသာထင်ရှားစွာ အဆင့်တိုး တက်လာစေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြော ကြားသည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်အနေဖြင့် “အုပ်ချုပ်ရေးနှင့်စီး ပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိရေး” ခေါင်းစဉ်ဖြင့် ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄ (ခ) နှင့် ၄(ဂ)တို့တွင် ကော်မရှင်အား သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် သတ်မှတ်တာဝန်ပေးထားသည့်အတွက် ၎င်းတာဝန်နှင့်အညီ ပညာပေးရေးလုပ်ငန်းများကို တိုင်းဒေသကြီးများနှင့်ပြည်နယ်များတွင် အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာနများမှဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းများမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း။
တာဝန်ယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တုံ့ပြန်ဖြေကြားရခြင်းတို့သည် တစ်ဆက်တည်းရှိနေကြသော ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၏ အင်္ဂါရပ်များဖြစ်သည့်အပြင် ၎င်းအချက်များသည် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီ ရေချိန်ကိုမြှင့်တင်ပေးနိုင်သော တစ်နည်းအားဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်ချောမွေ့စေရေးအတွက် ထမ်းရွက်ပေးနိုင်သော ဝင်ရိုးတစ်စုံဖြစ်နေပါကြောင်း၊ တာဝန်ခံမှုရှိရခြင်းသည်မိမိဌာန၊ မိမိလုပ်ငန်း၊ မိမိလူမှုအဖွဲ့အစည်းဆိုသည့် ပုဂ္ဂလိက အကျိုးစီးပွားနယ်ပယ် ထက်များစွာကျော်လွန်၍ တွေးတောဆင်ခြင် ရှုမြင်နိုင်စွမ်းရှိရခြင်းတည်းဟူသော အရည်အချင်း တစ်ရပ်ပါဝင်ရန်လိုအပ်ပါကြောင်း၊ "တာဝန်ယူမှုရှိခြင်း"ဆိုသည်မှာ ထုတ်ပြန်ထား သော တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်တို့ကို သိရှိနား လည်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်းမျှလောက်ဖြင့် လုံလောက်ခြင်းမရှိဘဲ အများပြည်သူလူထုနှင့် ထိတွေ့လုပ်ဆောင်မှု များတွင်ဖြစ်စေ၊ လုပ်ငန်းဌာနအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ လုပ်ငန်းဌာန နှင့်အဖွဲ့အစည်း ကြားအပြန်အလှန် ထိတွေ့လုပ်ဆောင်မှုအားလုံးတွင်ဖြစ်စေ အများပြည်သူလူထု၏ အကျိုးစီးပွား အတွက်သာလျှင် အမြင့်မားဆုံးမျှော်မှန်းပြီး အမြင့်မားဆုံးတန်ဖိုးထားရှိရမည် ဖြစ်ပါကြောင်း။
စီးပွားရေး လုပ်ငန်းများအနေဖြင့်ပွင့်လင်းမြင်သာမှုရှိသော တာဝန်ယူမှုရှိသော ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အလေ့အထများ၊ (Corporate Governance Practices) ကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍတွင် အကျိုးကျေးဇူးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများလည်း များစွာတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများကလည်း မိမိတို့ကိုယ်တိုင် အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု ရှိရေးတိုက်တွန်း နေကြသူများဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများတွင် တာဝန်ယူမှု ရှိခြင်းဆိုင်ရာ ပဋိညာဉ်များ၌ ပြဋ္ဌာန်းထားသည့် အခြေခံမူများကို လိုက်နာကျင့်သုံးလျှက် မိမိတို့ ကိုယ်တိုင်ကလည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတို့ကို မြှင့်တင်သွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး ကဏ္ဍ"၊ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)က "တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ"၊ကုန်သည်/ စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ် ဦးဝင်းမြင့်အောင် (Director of City Mart Group)က "တာဝန်ယူမှုရှိသော စီးပွားရေးကဏ္ဍ"၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်က "အများပြည်သူဝန်ဆောင်မှု လုပ်ငန်း၌ တာဝန်ယူမှုရှိခြင်း"၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က "တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ"၊ ဒေသခံCSOကိုယ်စားလှယ် ဒေါ်ရည်မွန်ဆု (Executive Director, National Enlightenment Institute) က "တာဝန်ယူမှုရှိသော CSO ကဏ္ဍ"၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ ကိုယ်စားလှယ် ဦးဇော်မင်းနောင်က "အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှု" ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားသည်။
(သတင်းစဉ်)