အုတ်တွင်း   ၃၁  ဩဂုတ်

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ပဲခူးရိုးမ အနောက်ဘက်ခြမ်းရှိ ပေါက်ခေါင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ရိုးမဖြတ်ကျော် ကားလမ်းတွင် ဩဂုတ် ၃၀ ရက် ညပိုင်းက မိုးရွာသွန်းမှုကြောင့် တောင်ပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် တောင်ငူ-ပြည် ခရီးသည်တင်ယာဉ်များ ရှေ့ဆက်သွားမရဘဲ နောက်ပြန်လှည့်ကာ သာဂရ-ကိုးပင် ရိုးမဖြတ်ကျော်ကားလမ်းမှ သွားလာခဲ့ရကြောင်း တောင်ငူမြို့မှ ဦးပြည့်ဖြိုးဦးက ပြောသည်။

“ရိုးမဖြတ်ကျော် ကားလမ်းတစ်လျှောက်မှာ တောင်ပြိုကျနေတာတွေ အများကြီးပဲ၊ ကြက်မတက်နား မရောက်ခင် မိုင်တိုင် ၈၃ နဲ့ ၈၄ အကြားမှာ လမ်းလုံးဝပိတ်သွားပြီ၊ ကားတို့ ဆိုင်ကယ်တို့ သွားလို့မရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ယနေ့နံနက်ပိုင်းမှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းနေဆဲဖြစ်ရာ ရိုးမဖြတ်ကျော် တောင်ပေါ်ကားလမ်းများမှ ခရီးသွားကြလျှင် တောင်ပြိုကျမည့် အန္တရာယ်ရှိနိုင်သည့်အတွက် သတိပြု သွားလာကြရန်လိုကြောင်း သိရသည်။

ကိုလွင်(ဆွာ)

 

mdn