အုတ်တွင်း မေ   

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ပညာ‌ပေး ဆွေးနွေးပွဲကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ဘုရားက​​လေးကျေးရွာအုပ်စု၊ ကံလျက်တော ကျေးရွာရှိ ဓမ္မာရုံ၌ အသိပညာ​ပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်​စေရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေး နှင့် လူတစ်ဦးချင်းစီ၏ ဝင်​ငွေတိုးတက် မြင့်မားလာ​စေ​ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်း ပံ့ပိုးဆောင်ရွက်​ပေးနိုင်ရန်အတွက် ​သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်​တွေ့ဆုံ​ ဆွေး​နွေး​ဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိ​ဒေသ ဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား  ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေး​နွေးစေလို​ကြောင်း ပြောကြား ခဲ့သည်။

 

ဆက်လက်၍စိုက်ပျိုးရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက စိုက်ပျိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း မွေးမြူရေးနှင့် ကုသ​ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါက်တာသင်းသဥ္ဇာက တိရစ္ဆာန်များအစာအဖြစ် နေဗီယာမြက်များ စိုက်ပျိုးနိုင်ရေး အကြောင်းအရာများနှင့် မွေးမြူရေး ကိစ္စရပ်များကိုလည်းကောင်း လယ်ယာမြေစီ မံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းငြိမ်းဇော်က လယ်ယာမြေ အသုံးချမှုနှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ ဆည်​မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြချိုက စိုက်ပျိုးရေပေး​ဝေမှု အ​ခြေအ​နေများအားလည်း​ကောင်း၊ စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က စက်မှုလယ်ယာကဏ္ဍ အသီးသီးအားလည်းကောင်း၊ မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယကြီးကြပ်ရေးမှူး ဦးသက်ထွန်းနိုင်က တောင်သူများအချိန်လွန် ကြွေးကျန်များနှင့် အချိန်စေ့ ကြွေးပြေကျေပြီး တောင်သူများအား ၂၀၂၂ ခုနှစ် မိုးချေးငွေသစ် ထပ်မံထုတ်ချေးရန် အကြောင်းအရာများလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်း ဆွေး​နွေးခဲ့သည်။

 

ထို့နောက်  သက်ဆိုင်ရာ ဦးစီးဌာန အသီးသီးကလည်း အသိပညာ​ပေး လက်ကမ်းစာ​စောင်များအား ဖြန့်ဝေပေးခဲ့​ပြီး ကျေးရွာအတွင်း မွေးမြူထားသည့် တိရစ္ဆာန်များအား အစာအာဟာရ ပြည့်ဝစေရေး၊ ရောဂါများ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)