အုတ်တွင်း မေ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ပညာပေး ဆွေးနွေးပွဲကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ဘုရားကလေးကျေးရွာအုပ်စု၊ ကံလျက်တော ကျေးရွာရှိ ဓမ္မာရုံ၌ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး နှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက် မြင့်မားလာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက စိုက်ပျိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါက်တာသင်းသဥ္ဇာက တိရစ္ဆာန်များအစာအဖြစ် နေဗီယာမြက်များ စိုက်ပျိုးနိုင်ရေး အကြောင်းအရာများနှင့် မွေးမြူရေး ကိစ္စရပ်များကိုလည်းကောင်း၊ လယ်ယာမြေစီ မံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းငြိမ်းဇော်က လယ်ယာမြေ အသုံးချမှုနှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြချိုက စိုက်ပျိုးရေပေးဝေမှု အခြေအနေများအားလည်းကောင်း၊ စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က စက်မှုလယ်ယာကဏ္ဍ အသီးသီးအားလည်းကောင်း၊ မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယကြီးကြပ်ရေးမှူး ဦးသက်ထွန်းနိုင်က တောင်သူများအချိန်လွန် ကြွေးကျန်များနှင့် အချိန်စေ့ ကြွေးပြေကျေပြီး တောင်သူများအား ၂၀၂၂ ခုနှစ် မိုးချေးငွေသစ် ထပ်မံထုတ်ချေးရန် အကြောင်းအရာများလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် သက်ဆိုင်ရာ ဦးစီးဌာန အသီးသီးကလည်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ကျေးရွာအတွင်း မွေးမြူထားသည့် တိရစ္ဆာန်များအား အစာအာဟာရ ပြည့်ဝစေရေး၊ ရောဂါများ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)