ဘားအံ ၁၃ ဩဂုတ်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် ဘားအံခရိုင်အတွင်းရှိ အမည်စာရင်းတင်သွင်းထားကြသော နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဩဂုတ်လ ၁၁ ရက်မှ စတင်၍ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ် လှိုင်းဘွဲမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံရန်အတွက် နိုင်ငံရေးပါတီ (၁၁)ခုမှ လွှတ်တော်အလိုက် အမည်စာရင်းတင်သွင်းထားရှိသည့် ပြည်သူ့လွှတ်တော်(၁၈)ဦး၊ အမျိုးသား လွှတ်တော်(၃၁)ဦး၊ ပြည်နယ်လွှတ်တော်တွင်(၄၅)ဦး အမည်စာရင်း တင်သွင်းထားရှိပြီး ပြန်လည်ရုပ်သိမ်းသည့် ကိုယ်စားလှယ်လောင်း (၁) ဦးဖြစ်၍ စုစုပေါင်း (၉၃)ဦး အမည်စာရင်း တင်သွင်းထားရှိပြီး တစ်သီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်မည့်သူ (၁၀)ဦးရှိကြောင်း သိရှိရပါသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို ဩဂုတ်လ (၁၁)ရက်နေ့မှ ဩဂုတ်လ (၁၇)ရက်နေ့အထိ ဘားအံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လမ်းညွှန်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် စိစစ်ဆောင်ရွက်ရမည့် အချက်များနှင့်အညီ စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးစိုးအေး (ပြန်/ဆက်)