ဘားအံ  ၂၄  စက်တင်ဘာ

 

ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝင်ရောက်လာသော ဘားအံအခြေပြုနှင့် အခြားဒေသအခြေပြု ကုန်ပစ္စည်းတင်မော်တော်ယာဉ်များအား စက်တင်ဘာလ ၂၃ ရက် မှစ၍ အမှတ်(၃)ရပ်ကွက်၊ ယခင်မြို့မဘောလုံးကွင်းနေရာ၌သာ ကုန်ပစ္စည်းတင်ချခြင်း လုပ်ငန်းများအား ဆောင်ရွက်စေလျက်ရှိသည်။

 

mdn

 

ဘားအံမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ကုန်ပစ္စည်းတင်မော်တော်ယာဉ်များအား သံလွင်တံတားထိပ်နှင့် ဂျိုင်း(ဇာသပြင်)ထိပ်တို့တွင် အဖွဲ့စုံဖြင့်စစ်ဆေး၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ (ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ၂ ပတ်အတွင်းထုတ်ပေးထားသော) ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး ယခင်ကဲ့သို့ ကုန်ပစ္စည်းများအား အိမ်တိုင်ရာရောက် သယ်ဆောင် တင်ပို့ခွင့် မပြုတော့ဘဲ သတ်မှတ်နေရာတွင်သာ ကုန်ပစ္စည်း တင်/ချခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်သည်။

 

ဘားအံမြို့အခြေပြု ရွှေဖားစည်၊ မိဘဂုဏ်၊ သာမည၊ ရွှေမြန်မာ၊ ရွှေနတ်တောင်၊ ရွှေသံတောင်၊ လူသောခို မော်တော်ယာဉ်လိုင်းများနှင့် အနယ်နယ်အရပ်ရပ်မှ ကုန်ပစ္စည်းတင်ပို့သော ကုန်တင်ယာဉ်ကြီးများ အနေဖြင့် သတ်မှတ် နေရာ၌သာ ကုန်ပစ္စည်းတင်/ချခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကို မြင်တွေ့ရပြီး သံလွင်တံတား၊ ဂျိုင်း (ဇာသပြင်) တံတားတို့ကိုဖြတ်သန်း၍ ကော့ကရိတ်၊ မြဝတီသို့ သွားရောက်မည့် ကုန်တင်ယာဉ်များအနေဖြင့် မြို့တွင်းသို့ ဖြတ်သန်းသွားလာခွင့်မပြုဘဲ မြို့ရှောင် လမ်းမှသာ သွားလာရ မည်ဖြစ်ကြောင်းနှင့် ကိုဗစ် ၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး (ဗဟို)ကော်မတီမှ ထုတ်ပြန်မှသာ ဖြေလျှော့မှုများပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)