နေပြည်‌တော် ဖေဖော်ဝါရီ ၂၆

အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား‌ ပြောကြားပြီး ဒုတိယဝန်ကြီးက သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ကရင်ပြည်နယ်အတွင်း လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းကို ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာငွေဖြင့် ၂၀၂၃ ခုနှစ်တွင် (၆၀) ဦး မွေးထုတ်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီရက်အထိ အဆင့်မြင့်လျှပ်စစ် သွယ်တန်း တပ်ဆင်ခြင်းသင်တန်းကို သင်တန်းသား (၃၀) ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ အုတ်စီလုပ်သားနှင့် လက်သမားအလုပ်အကိုင်၊ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် ၁ တို့အတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ကာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီအထိ ဖြေဆိုသူ (၁၆၁) ဦးအနက် အရည်အသွေးပြည့်မီသူ (၁၅၀) ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်သည့် ဆိုင်ကယ်ပြုပြင်ခြင်း၊ မြက်ရိတ်စက်ပြုပြင်ခြင်းနှင့် ရေစုပ်စက် ပြုပြင်ခြင်းလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ အသိအမှတ်ပြုပေးနိုင်ရေး ပြည်နယ် အစိုးရထံ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လုပ်သားဈေးကွက် နှင့်ကိုက်ညီသည့် သင်တန်းများကို သက်ဆိုင်ရာဦးစီးဌာနများ၊ ကျွမ်းကျင်ပညာရှင်များ၊ MSME လုပ် ငန်းရှင်များ ပူးပေါင်း၍ စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များအတွက် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်နယ်အတွင်းရှိ အလုပ်သမားရေးရာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်အတွင်း ပြည်ပကိုထွက်ခွာမည့် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ MoU စနစ်ဖြင့် စနစ်တကျ တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဥပဒေနှင့်အညီ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရန်နှင့် ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် အလေးထားပူးပေါင်း ကူညီဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်