ဘားအံ ၁၂ ဇွန်


    
ကရင်ပြည်နယ်၊ ဘားအံမြို့၌ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ သင်တန်း(ပထမအကြိမ်)ကို ဇွန် ၁၂ ရက် နံနက်(၁၀)နာရီက ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာရုံးတွင် ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ   ဦးစောချစ်ခင်က တက်ရောက်  အမှာစကားပြောရာတွင် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းသည် တိုင်းရင်းသားအားလုံးအတွက် ယဉ်ကျေးမှုအမွေအနှစ်နဲ့ပတ်သက်ပြီး မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရမည်ကို ပိုမိုသိလာမည်ဖြစ်ကြောင်း၊ ဘိုးဘွားအစဉ်အဆက်မှစ၍ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် တိုင်းရင်းသား ရှေးဟောင်း အမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။

 

ိ္မါမ


        
“အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံတင်စာရင်းကောက်ယူဖို့ ဖြစ်ပြီး၊ ဒီလို စာရင်းကောက်ယူတဲ့နေရာမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်မှာရှိတဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ခေါ်တဲ့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ ရိုးရာပွဲတော်တွေ၊ ရိုးရာဓလေ့လက်မှုပညာတွေအစရှိသ၍ ပြည့်ပြည့်စုံစုံ စာရင်းကောက်ယူရာမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါတယ်လို့” ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်က ပြောသည်။

 

အဆိုပါ သင်တန်းတွင် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း (၆၀)ဦးခန့်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်)မှ တာဝန်ရှိသူများက ဇွန်လ(၁၃)ရက်နေ့ထိ (၂)ရက်တိုင် ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ အခြေခံသဘောတရားများ၊ စာရင်းကောက်ယူရာတွင် လိုက်နာရမည့် ပုံစံနှင့် စည်းမျဉ်းစည်း ကမ်းများကို ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)