ဘားအံ ဧပြီ ၈

 

ပြည်သူများနှင့်ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန် အရောင်းအိမ်ရာ၊ အငှါးအိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပြီး လူနေမှုဘဝ အဆင်ပြေမြင့်မားလာစေရန် ဆောင်ရွက်ပေးလျက်ရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး (၃)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို ဧပြီ ၈ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါရုံးအဆောက်အဦသစ်၌ ကျင်းပသည်။

 

ရုံးသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံးသစ်ကို ထပ်မံတိုးချဲ့လာမည့် ဖွဲ့စည်းပုံအသစ်နှင့်အညီ ဦးစီးဌာန(ရုံးချုပ်)မှ သတ်မှတ်ပေးထားသော သုံးထပ်အဆောက်အဦကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၆၇၃ သိန်းကျော် အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ဝန်ထမ်းများ၏ နေထိုင်မှုအဆင်ပြေစေရေး အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ခေတ်စနစ်နှင့်ကိုက်ညီသည့် မြို့ပြစီမံကိန်းများကို ရေးဆွဲပြီး စနစ်ကျသည့် မြို့ပြများဖြစ်ထွန်းအောင်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ရုံးသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးသူရိန်တို့က အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ရုံးသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေး၍ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရုံးသစ်အဆောက်အဦအတွင်းရှိ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ရုံးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ညွှန်ကြားရေးမှူးက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ရုံးသစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့သည်။

 

ကရင်ပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  ပြည်နယ်အတွင်း ဝန်ထမ်းအိမ်ရာ ၁၇၈ လုံး၊ အခန်းပေါင်း ၆၂၀ ခန်း၊ အငှါးအိမ်ရာ ၇၆ လုံး၊ အခန်းပေါင်း ၁၄၂ ခန်း၊ အရောင်းအိမ်ရာ ၃ လုံး၊ အခန်းပေါင်း ၄၈ ခန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၄ ခန်းတွဲ ၄ ထပ် ၄ လုံး၊ အခန်းပေါင်း ၆၄ ခန်းကို တည်ဆောက်ရန် တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)