ဘားအံ ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့လှိုက်ကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် လယ်ယာမြေများ၌ မိုးသီးနှံများစိုက်ပျိုးပြီး သီးထပ်အဖြစ် ဆောင်းသီးနှံဖြစ်သော မြေပဲများ စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းမြေပဲများကို တန်ဆောင်မုန်းလဆန်းတွင် စိုက်ပျိုးကြပြီး မြေပဲများကို အဖြူဆံ၊ အနီဆံ ဟူ၍(၂)မျိုးခွဲပြီး စိုက်ပျိုးကြသည်။ မြေပဲတစ်ဧကလျှင် အပင်ဦးရေ (၁)သိန်းကျော် ဝင်ဆံ့အောင် စိုက်ပျိုးကြပြီး မြေပဲအနီ ၁ ဧက တင်း ၈၀ နှင့် မြေပဲအဖြူ ၁ ဧက တင်း ၁၂၀ ထိ ရရှိကြသည်။ ဆောင်းမြေပဲများ စိုက်ပျိုးပြီး (၁၀)ရက်ကြာလျှင် ပေါင်းသင်ခြင်း လုပ်ငန်းဆောင်ရွက်ကြပြီး အပင်မှ အပွင့်ပွင့်ချိန်တွင် ကျောက်မှုန့်မြေဩဇာ (အိတ်ဝက်)ကို အပင်ခြေတွင်ထည့်၍ ဘောင်လုံးပေးခြင်း၊ ကျောက်မှုန့်ထည့်သည့် အချိန်ကာလသည် နောက်ဆုံး ပေါင်းရှင်းပြီးကာလနှင့် အစိုဓာတ်ရှိစေရန် သတိပြုရသည်။ မြေပဲပင်တွင် သက်တမ်းပြည့်ပါက အရွက်များဝါလာပြီး ထိုသို့ အရွက်များဝါလာပါက ရိတ်သိမ်းပြီး မြေပဲတောင့်များကို နေလှန်းအခြောက်ခံရသည်။
မြေပဲများစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ စိုက်ပျိုးစရိတ် ကျပ် ၁၅၀၀၀၀ ကုန်ကျပြီး ရောင်းချသည့်အချိန်တွင် ငွေကျပ် ၁၂၀၀၀၀၀ အထိ ရရှိသည့်အတွက် မြေပဲကိုအများဆုံး စိုက်ပျိုးကြကြောင်း ကော့လှိုက်ကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးအောင်ကိုကိုထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)


