ဘားအံ ၂၄ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့ရှိ ကိုယ်ဝန်ဆောင်များနှင့် ၎င်းကောင်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်၊ စတုထ္ထအကြိမ် စုပေါင်းထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက စတင်ကာ နိဗ္ဗိန္ဒဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်(၁၂၅)ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ်(၁၂၆)ဦး စုစုပေါင်း(၂၅၁)ဦးအတွက် နိုင်ငံတော်က ကရင်ပြည်နယ်အတွက် အထူးအစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီဌာနမှ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ပေါင်း၍ ထောက်ပံ့ငွေစုစုပေါင်း ၁၁၂၅၀ဝ၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အာဟာရရှိ အစားအစာများ ဝေငှပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် အမှတ်(၆)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင် (၁၁၈)ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ် (၁၀၉)ဦး စုစုပေါင်း (၂၂၇)ဦးအတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ပေါင်း၍ ထောက်ပံ့ငွေ စုစုပေါင်း ၉၉၉၀ဝ၀ဝ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အာဟာရရှိအစားအစာများ ဝေငှပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


