ဘားအံ  ၁၂  စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စေတနာလမ်းရှိ လူနေအိမ်တစ်လုံးသည် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၃ နာရီခန့်က မြေနိမ့်ဆင်းကျွံဝင်သွားပြီး ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါနေအိမ်ပြိုကျ ပျက်စီးရာသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးမင်းကိုခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်တို့က သွားရောက်နှစ်သိမ့်အား ပေးထောက်ပံ့ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက နေအိမ်ပြိုကျ အပျက်အစီးများအား ကူညီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြသည်။

 

အဆိုပါနေအိမ်မှာ တူးမြောင်းဘေးတွင် ကပ်လျက်တည်ဆောက်ထားပြီး အလျား ပေ ၂၀၊ အနံ ၃၅ ပေ၊ အမြင့် ၁၈ ပေ ခန့်ရှိ အုတ်ဖိနပ်ခံ ပျဉ်ထောင် သွပ်မိုးနေအိမ်ဖြစ်ကာ အိမ်ရှင်ဒေါ်မြင့်စန်းနှင့် မိသားစုဝင် ၇ ဦးခန့်ဆောက်လုပ်နေထိုင်ခဲ့သည်မှာ ၁၈ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ တူးမြောင်းဘေးဖြစ်သည့်အတွက် မြေနိမ့်ဆင်းကျွံဝင်ပြီး နေအိမ်ပြိုလဲခဲ့ခြင်းဖြစ်ကာ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)