ဘားအံ  ၁၄    မေ


ကရင်ပြည်နယ်အတွင်း အတက်ရောဂါအကြောင်း သိရှိနားလည်ပြီး အတက်ရောဂါရှိသူများအား ရှေးဦးသူနာ ပြုစုတတ်စေရန်နှင့် အတက်ရောဂါအကြောင်း ပြည်သူလူထုအား ကျန်းမာရေးပညာပေးတတ်စေရန်အတွက် ရည်ရွယ်ပြီး အသိပညာပေးခြင်းများကို  စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်သည်။


အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်းနှင့် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်မန်နေဂျာ ပါမောက္ခ ဒေါက်တာစမ်းဦးတို့က အတက်ရောဂါ စီမံချက်အကြောင်း ရှင်းလင်းပြောကြခဲ့သည်။


အဆိုပါ အတက်ရောဂါစီမံချက်ကို ၂၀၁၃ ခုနှစ်ကစတင်ပြီး စီမံချက်အသွင်ဖြင့် မြို့နယ်အချို့တွင်သာ အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အားလုံးကို လွှမ်းခြုံသွားရန် စီစဉ်ထားခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်မှ စတင်ကာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးကို အတက်ရောဂါ ကုသရေး လုပ်ငန်းတွေ ဆောင်ရွက် သွားမည်ဖြစ်ရာ ယခုကဲ့သို့ အတက်ရောဂါ လုပ်ငန်းစီမံချက်အကြောင်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ စီမံကိန်းဝင်မြို့နယ်များမှ ကိုယ်စားလျယ်များ၊ ဌာနဆိုင်ရာများအား ဝိုင်းဝန်ကူညီဆောင်ရွက်နိုင်ရေး အသိပေးခြင်း ဖြစ်ကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)