ဘားအံ ဩဂုတ် ၂၉

           

ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

           

အဆိုပါသင်တန်းကို သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးစေရေးအတွက် စီမံ ခန့်ခွဲမှုလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ရပ်ရွာအတွင်း အတိတ်ကာလဘေးဖြစ်ပွားမှု သမိုင်းကြောင်းများကို လေ့လာဖော်ထုတ်ခြင်း၊ ရာသီအလိုက်ဖြစ်ပွားတက်သော ဖြစ်စဉ်ပြ ပြက္ခဒိန်ရေးဆွဲခြင်း၊ ရပ်ရွာအတွင်း ထိခိုက်ခံရလွယ်မှုအရင်းအမြစ်တည်ရှိမှုကို ဖော်ထုတ်၍ ကျေးရွာ မြေပုံရေးဆွဲဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို သင်တန်းသား သင်တန်းသူများအနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ ပြည်နယ်၊ခရိုင်၊မြို့နယ်များတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်း၍ သဘာဝ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သင်တန်းသား သင်တန်းသူများအနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်သည့် ရေရှည် ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုဖြစ်လာစေရန် သင်တန်းသား/သူများအနေဖြင့်လည်း သင်တန်းမှရရှိသော အသိပညာဗဟုသုတများကို ရပ်ရွာပြည်သူလူထုများထံ ပြန်လည်ဖြန့်ဝေးပေးသွားစေလိုကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။

           

ထို့နောက် ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွဲဖက်အတွင်းရေးမှူး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဝင်းဇော်ဌေးက သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်း ထူးချွန်ဆုများနှင့် သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

                       

ယခုသင်တန်းကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား၊သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြပြီး  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ လူမှုဝန်ထမ်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးသတ်၊ ကျန်းမာရေး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ  သင်တန်းနည်းပြများက ဘေးအန္တရာယ်ဆိုင်ရာ သင်ခန်းစာများကို ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)