ဘားအံ ၂၄  ဩဂုတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေသည်  ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၄၈ စင်တီမီတာ မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက် ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဘားအံမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာများတွင် ရေများ ဝင်ရောက်လျက်ရှိရာ ရေဘေးကယ်ဆယ်ရေး စခန်းများကို အမှတ် (၁) မိုးလုံလေလုံ အားကစားခန်းမ၊ ရွှေယာဉ်မျှော်ဘုရား၊ ဆိုင်ကလုံးရှပ်တာများတွင်  ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ် - ၁၉ ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်/ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ ၊  အရပ်ဘက် လူမှုအဖွဲ့အစည်းများ (ဇွဲကပင်ပုံရိပ်) အဖွဲ့များက စိစစ်နေရာချထားပေးလျက်ရှိကြောင်း သိရှိရသည်။

 

စိုးစိုးအေး