ဘားအံ  ၂၅  ဇူလိုင်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံတစ်ဝန်း ကျင်းပ သွားမည်ဖြစ်ရာ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံမဲဆန္ဒရှင်များစာရင်းကို ထုတ်ပြန်ကြေညာထားပြီး ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောကျော်ဝင်းမောင်နှင့်  တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘားအံမြို့နယ်တွင် မဲရုံပေါင်း ၂၃၀ ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲ ပေးခွင့်ရှိသူပေါင်း ၃၆၂၀၄၂ ဦးရှိကာ ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် မဲရုံပေါင်း ၈၅၀ နှင့် မဲဆန္ဒရှင်ဦးရေ ၁၁၃၉၉၉၉ ဦး ဆန္ဒမဲပေးခွင့်ရှိကြောင်း  ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အလားတူ လှိုင်းဘွဲမြို့နယ်တွင် မဲရုံ ၁၇၆ ရုံ၊ မဲဆန္ဒရှင် ၂၃၅၈၄၈ ဦး၊ သံတောင်ကြီးမြို့နယ်တွင် မဲရုံ ၉၅ ရုံ၊ မဲဆန္ဒရှင် ၆၀၃၅၀ ၊ ကော့ကရိတ်မြို့နယ်တွင် မဲရုံ ၁၂၆ ရုံ၊ မဲဆန္ဒရှင် ၂၀၃၄၂၂ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲရုံ ၁၂၀၊ မဲဆန္ဒရှင် ၁၄၃၃၁၀၊ မြဝတီမြို့နယ်တွင် မဲရုံ ၇၈ ရုံ၊ မဲဆန္ဒရှင် ၁၁၄၂၆၈ ဦး၊ ဖာပွန်မြို့နယ်တွင် မဲရုံ ၂၅ ရုံ၊ မဲဆန္ဒရှင် ၂၀၇၅၉ ဦး ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးစောကျော်ဝင်းမောင်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ပေါ်ရှိ ရပ်ကွက် ၄၊ ၃၊ ၅၊ ၉ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာ ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)