ဘားအံ ၂၀ ဇူလိုင် 


ကရင်ပြည်နယ်အတွင်းနေထိုင်ကြသည့် ပအိုဝ်းလူငယ်များအချင်းချင်း အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု အားကောင်လာစေပြီး လူငယ်များ၏အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်၊ ပအိုဝ်းလူငယ်များနှင့် အခြားသောညီနောင် တိုင်းရင်းသားလူငယ်များ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ် ပအိုဝ်းအမျိုးသားလူငယ်ညီလာခံကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1


အဆိုပါ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်နှင့် ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးမှ ဦးခွန်သန်းမြင့်တို့က တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ စောစိန်ထွေးက ကြိုဆိုအားပေးစကား ပြောကြားသည်။

 

2


ပအိုဝ်းအမျိုးသားလူငယ်ညီလာခံတွင် ပအိုဝ်းလူငယ်နှင့် ပအိုဝ်းအမျိုးသားနိုင်ငံရေးကဏ္ဍ၊ ပအိုဝ်းလူငယ်နှင့် ပအိုဝ်းအမျိုးသားအင်္ဂါရပ်လက္ခဏာ (စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ ဂီတ၊ အနုပညာ)၊ လူငယ်နှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ အထွေထွေကဏ္ဍ ဟူသည့် ကဏ္ဍလေးရပ်ကို ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းကျေးရွာများကို အခြေခံသော အသက်(၁၈)နှစ်မှ (၄၀)နှစ်အတွင်းရှိ ပအိုဝ်းလူငယ်များ၊ ကျေးရွာကိုယ်စားလှယ်များ၊ အဖွဲ့အစည်းကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ပါဝင်သင့်ပါဝင်ထိုက်သည့် ကိုယ်စားလှယ်များ၊ ပအိုဝ်းနိုင်ငံရေးပါတီများမှ လူငယ်ကိုယ်စားလှယ်များက ကဏ္ဍတစ်ခုချင်းစီအလိုက် အစုအဖွဲ့များဖြင့် ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်ထိ (၂)ရက်တိုင်တိုင် အုပ်စုဖွဲ့ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယခုညီလာခံမှ ဆွေးနွေးရရှိလာသော သဘောတူဆုံးဖြတ်ချက်များ၊ စာတမ်းများကို သက်ဆိုင်ရာ ပအိုဝ်းအဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များထံ ပေးပို့သွားမည်ဖြစ်ပြီး ပအိုဝ်းတစ်မျိုးသားလုံးနှင့်ဆိုင်သည့် ဒေသပေါင်းစုံပါဝင်သော ပအိုဝ်းအမျိုးသားလူငယ်ညီလာခံတွင်လည်း တင်သွင်းသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

3